• Home
  • Car News
  • ပြင်သစ်အစိုးရက EV ဝယ်သူများအား ငွေကြေးထောက်ပံ့မည့် မက်လုံးအစီအစဉ်တွင် တရုတ်ပြည်ထုတ်ကားများ ခံစားခွင့်ရမည်မဟုတ်ဟုဆို

ပြင်သစ်အစိုးရက EV ဝယ်သူများအား ငွေကြေးထောက်ပံ့မည့် မက်လုံးအစီအစဉ်တွင် တရုတ်ပြည်ထုတ်ကားများ ခံစားခွင့်ရမည်မဟုတ်ဟုဆို

  • 211 views

 

ယနေ့(ဒီဇင်ဘာ ၁၄) တွင် ပြင်သစ်အစိုးရပြည်ထောင်စု အကောက်ခွန်ဆိုင်ရာ မက်လုံး ယူရို ၇၀၀၀ နှင့်အထက် ခံစားခွင့် အကျုံးဝင်သော လျှပ်စစ်ကား (EV)များစာရင်းကို ထုတ်ပြန် ကြေညာလိုက်သည်။

အများမျှော်လင့်ထားသည့်အတိုင်း Tesla ထုတ် Model 3 နှင့် ဈေးကွက်တွင် ဈေးအသက်သာဆုံး EV ဖြစ်သော Dacia Spring တို့အပါအဝင် တရုတ်ပြည်တွင် ထုတ်လုပ်သော EV များမှာ အဆိုပါ ခံစားခွင့်ကို ရရှိမည် မဟုတ်ချေ။

ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန်က ကားဝယ်သူများအား တရုတ်ထုတ်မော်ဒယ်များဆီမှ ပြင်သစ်နှင့် ဥရောပထုတ် ကားများဆီသို့ ဦးလှည့်လာကြစေရန် မက်လုံးအသစ်များ ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မက်လုံးအစီအစဉ်များတွင် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထုတ်လုပ်သည့် လျှပ်စစ်ကားများကို တစ်လလျှင် ယူရို ၁၀၀ ဖြင့် အငှားချထားပေးမည့် အစီအစဉ်လည်း ပါဝင်သည်။

ပထမဆုံးအကြိမ် EV ဝယ်ယူမည့်သူများအနေဖြင့် ဥရောပသမဂ္ဂနိုင်ငံများက ထုတ်လုပ်သည့် ကားများကို ဝယ်ယူမည်ဆိုပါက ပြင်သစ်အစိုးရက ငွေကြေးမက်လုံးများစွာ ပေးအပ်မည့် အစီအစဉ်ကိုလည်း ကြေညာခဲ့သည်။

မူလက မည်သည့် EV အမျိုးအစားကိုမဆို ဝယ်ယူပါက ယူရို ၅၀၀၀ (ဝင်ငွေနည်းပါးသော မိသားစုများအတွက် ယူရို ၇၀၀၀) ထောက်ပံ့ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ စည်းမျဉ်းတင်းကြပ်လိုက်ခြင်း ဖြစ်သည်။

မူလက အဆိုပါ အစီအစဉ် ရယူသူ ၃ ပုံ ၁ ပုံခန့်မှာ တရုတ်ပြည်ထုတ် EV များဆီသို့သာ သွားကြသည်။

ယခုအခါတွင်မူ ကားထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု များပြားသည့် စွမ်းအင်ရင်းမြစ်များ ဖြင့် ထုတ်လုပ်ခဲ့သော ကားများအပေါ် စည်းမျဉ်းတင်းကြပ်လာခြင်း ဖြစ်သည်။
တရုတ်ပြည်ထုတ် Dacia Spring မှာ ယခုအခါ ယူရို ၁၅၈၀၀ မှ ၂၀၈၀၀ သို့ ဈေးနှုန်းမြင့်တက်ဖွယ်ရှိနေသည်။

ပြင်သစ်တွင် ရောင်းချခဲ့သော EV ၁၀ စင်းလျှင် ၁ စင်းမှာ Dacia Spring ဖြစ်ကြောင်း Les Echos က ဖော်ပြသည်။

ပြင်သစ်အစိုးရက ထောက်ပံ့ငွေပေးမည့် စာရင်းတွင် မပါသော အခြား EV မှာ ဗြိတိန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး တရုတ်ပြည်မှ SAIC Motor ကုမ္ပဏီက ထုတ်လုပ်သော လျှပ်စစ် ဆီဒင်ဖြစ်သည့် MG 4 ဖြစ်သည်။

MG 4 မှာ ထောက်ပံ့ငွေ မပါလျှင် ယူရို ၃၀၀၀၀ ဈေးရှိသည်။
ယခုနှစ်စပိုင်းမှစပြီး မှတ်ပုံတင်ခဲ့သော EV များ၏ ၆၄ ရာခိုင်နှုန်းမှာ MG 4 များဖြစ်ကြောင်း Les Echos က ဖော်ပြသည်။

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရှိ Tesla ၏ စက်ရုံမှ ထုတ်လုပ်သော Tesla Model 3 သည်လည်း ပြင်သစ်အစိုးရက ငွေကြေးထောက်ပံ့ပေးမည့်စာရင်းတွင် မပါဝင်ချေ။

သို့သော် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး EV ဖြစ်သော Tesla Model Y မှာမူ ပြင်သစ်အစိုးရ၏ မက်လုံးပေး မည့် အစီအစဉ်စာရင်းတွင် ပါဝင်သည်။

Model Y မှာ ဂျာမနီနိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။

Cash-back အစီအစဉ်တွင် ပါဝင်မည့် အခြား ကားများမှာ တောင်ကိုရီးယားတွင် တပ်ဆင်သော Kia ထုတ် Niro နှင့် ချက်သမ္မတနိုင်ငံတွင် ထုတ်လုပ်သော Hyundai ထုတ် Kona တို့လည်း ပါဝင်သည်။

ပြင်သစ်အစိုးရက အထောက်အပံ့ပေးမည့်စာရင်းတွင် ကားမော်ဒယ်ပေါင်း ၅၀၀ ခန့် ပါဝင်ပြီး အဆိုပါ စာရင်းကို ပြင်သစ် သဘာဝပတ်ဝန်းကျင် အေဂျင်စီဖြစ်သော Ademe က ကြီးကြပ်ကွပ်ကဲခဲ့သည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်တွင် ရောင်းချခဲ့သော EV များ၏ ၆၅ ရာခိုင်နှုန်းမှာ အစိုးရက ထောက်ပံ့မည့် စာရင်းတွင် ပါဝင်လာကြောင်း၊ Stellantis ထုတ် မော်ဒယ် ၂၄ မျိုးနှင့် Renault ထုတ် မော်ဒယ် ၅ မျိုး ပါဝင်သည်ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  France says ‘non’ to EVs made in China (electrek)