• Home
  • Car News
  • တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး BYD က ကားအစင်းရေ ၇၀၀၀ တင်ဆောင်နိုင်သော ကိုယ်ပိုင် ပင်လယ်ကူး သင်္ဘောကြီးဖြင့် ကမ္ဘာတစ်ဝန်းသို့ မော်တော်ကားများ ပို့ဆောင်မည်

တရုတ်ထိပ်သီး EV ကုမ္ပဏီကြီး BYD က ကားအစင်းရေ ၇၀၀၀ တင်ဆောင်နိုင်သော ကိုယ်ပိုင် ပင်လယ်ကူး သင်္ဘောကြီးဖြင့် ကမ္ဘာတစ်ဝန်းသို့ မော်တော်ကားများ ပို့ဆောင်မည်

  • 463 views

 

BYD သည် လျှပ်စစ်ကားများ ရောင်းအားတွင် Tesla နှင့် ပုခုံးချင်းယှဉ်လာလျက်ရှိနေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် လျှပ်စစ်ကား အများဆုံးထုတ်လုပ်သည့် Tesla ၏ နောက်တွင် နံပါတ် ၂ နေရာ၌ ရပ်တည်နေသည်။

Tesla သည် ထုတ်လုပ်မှုအဆင့်များ ပေါင်းစပ်မှု (သို့မဟုတ်) ဆက်စပ်နယ်ပယ်မှ လုပ်ငန်းများ ဝယ်ယူမှု (Vertical Integration) ဖြင့် ပိုမိုလူသိများသော်လည်း BYD ၏ ထုတ်လုပ်မှုအဆင့် ပေါင်းစပ်မှုမှာလည်း အလွန်မြင့်မားပြီး BYD က Tesla ကိုပင် ဖြတ်ကျော်ဖွယ်ရှိသည်။

ထုတ်လုပ်မှုအဆင့်ပေါင်းစပ်မှုတွင် မည်သူက ပိုသာသည်ဖြစ်စေ အဆိုပါကုမ္ပဏီ ၂ ခုတို့သည် ထုတ်လုပ်မှု အဆင့်ပေါင်းစပ်မှုကို အလွန်မြင့်မားစွာ လုပ်ဆောင်ကြသူများ ဖြစ်ကြသည်။

(မှတ်ချက်။ ၁-Backward Vertical Integration ၊ ၂-Forward Vertical Integration နှင့် ၃-Balanced Vertical Integration ဟု ၃ မျိုးရှိသည်။ ၁ မှာ supplier လုပ်ငန်းတစ်ခုကို ဝယ်ယူလိုက်ခြင်းမျိုးဖြစ်ပြီး ၂ မှာ ကားထုတ်လုပ်ရေးကုမ္ပဏီက ကားလက်လီအရောင်းလုပ်ငန်းတစ်ခုကို ဝယ်ယူခြင်းမျိုးဖြစ်ကာ ၃ မှာ ၁ နှင့် ၂ နှစ်မျိုးလုံး လုပ်ဆောင်ခြင်း ဖြစ်သည်)

ယခုနောက်ဆုံးထွက်ပေါ်လာသော BYD နှင့် ပတ်သက်သည့်သတင်းကား Forward Vertical Integration ခြေလှမ်းမျိုး ဖြစ်သည်။

BYD က ကိုယ်ပိုင်သင်္ဘောပို့ဆောင်ရေးဖြင့် လျှပ်စစ်ကားများကို ကမ္ဘာတဝန်း ပို့ဆောင်နိုင်ရန် စီစဉ်လာခြင်း ဖြစ်သည်။

BYD ၏ Explorer 1 အမည်ရှိ ကားတင်သင်္ဘောကို တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်း၏ လက်အောက်ခံ Guaungzhou Shipbuilding International က ဆောက်လုပ်ပေးခြင်း ဖြစ်သည်။

တရုတ်ပြည်အရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ယန်တိုင်မြို့အခြေစိုက် သင်္ဘောကျင်းမှ တည်ဆောက်ပြီးစီးသွားပြီလည်း ဖြစ်သည်။

(Explorer 1 သည် ပုံမှန် ကားတင်သင်္ဘောများအောက် ကာဗွန်ထုတ်လွှတ်မှု နည်းပါးပြီး မော်တော်ကား အစင်းရေ ၇၀၀၀ ကျော် သယ်ယူနိုင်သည်)

ဤသင်္ဘော၏ ထူးခြားချက်မှာ သဘာဝဓာတ်ငွေ့ (LNG) ၊ လောင်စာ ၂ မျိုးသုံး Propulsion system ပါဝင်ခြင်းဖြစ်သောကြောင့် ပင်လယ်ရေကြောင်းပို့ဆောင်ရေးတွင် ကာဗွန်ဒိုင်အောက်ဆိုက်မထုတ်သော ရလဒ်ရရှိစေမည်ဖြစ်ကြောင်း၊ Explorer 1 တွင် ဘက်ထရီစနစ်နှင့် shaft generator လည်း ပါဝင်ကြောင်း၊ ထို့အပြင် စွမ်းအင်ချွေတာမှု feature များလည်း ထည့်သွင်းထားကြောင်း CarNewsChina က ဖော်ပြသည်။

Explorer 1 ၏ အလျားမှာ ၁၉၉ ဒသမ ၉ မီတာရှိပြီး ဗျက်မှာ ၃၈ မီတာနှင့် ရေစူး ၉ မီတာရှိကာ အမြန်နှုန်း တစ်နာရီလျှင် ရေမိုင် ၁၈ ဒသမ ၅ မိုင် (၃၄ ဒသမ ၃ ကီလိုမီတာ) နှုန်းဖြင့် မောင်းနိုင်သည်။

BYD သည် ဤသင်္ဘောကျင်းတွင် အခြားသင်္ဘောတစ်စင်းလည်း ထပ်မံတည်ဆောက်လျက်ရှိပြီး အခြားသင်္ဘောထုတ်လုပ်ရေးကုမ္ပဏီတစ်ခုထံမှလည်း သင်္ဘော ၆ စင်းမှာယူထားသေးကာ ထိုသင်္ဘောများမှာ ကားအစင်းရေ ၇၇၀၀ ကျော် သယ်ယူနိုင်မည် ဖြစ်သည်။

ထို့အပြင် ယင်းကုမ္ပဏီထံမှ သင်္ဘော ၂ စင်း ထပ်မံ မှာယူဖွယ်လည်း ရှိရာ BYD သည် စုစုပေါင်း သင်္ဘော ၁၀ စင်း ပိုင်ဆိုင်လာမည် ဖြစ်သည်။

သင်္ဘောများအတွက် ခန့်မှန်းခြေရင်းနှီးမြှုပ်နှံမှုမှာ ယွမ်ငွေ ၅ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၀၀) ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  New BYD Vessel Can Transport 7,000 Vehicles Around The World (cleantechnica)