- Home
- Car News
- ၂၀၃၅ ခုနှစ်သို့ရောက်လျှင် ကနေဒါတွင် ရောင်းချမည့်ကားများအားလုံး လျှပ်စစ်ကားသာ ခွင့်ပြုမည်
၂၀၃၅ ခုနှစ်သို့ရောက်လျှင် ကနေဒါတွင် ရောင်းချမည့်ကားများအားလုံး လျှပ်စစ်ကားသာ ခွင့်ပြုမည်
- 108 views
၂၀၃၅ ခုနှစ်သို့ရောက်လျှင် ကနေဒါတွင် ရောင်းချမည့်ကားသစ်များအားလုံး ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသည့် ကားများဖြစ်ရမည်ဟူသောအချက်ကို ယခုရက်သတ္တပတ်အတွင်း အစိုးရအဖွဲ့က ကြေညာရန် စီစဉ်နေကြောင်း ကနေဒါအစိုးရ၏ ထိပ်တန်းအကြီးအကဲ သတင်းရင်းမြစ်တစ်ခုက ပြောသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကမ္ဘာတဝန်းရှိ နိုင်ငံတို့သည် လျှပ်စစ်ကားအသွင်ကူးပြောင်းရေး အရှိန်အဟုန်ဖြင့် ကြိုးစားနေချိန်တွင် ကနေဒါအစိုးရကလည်း စည်းမျဉ်းသစ်များ ထုတ်ပြန်ရန် စီစဉ်လာခြင်း ဖြစ်သည်။
Electric Vehicle Availability Standard ဟု ခေါ်သော စည်းမျဉ်းသစ်များတွင် ကနေဒါဈေးကွက်၌ လျှပ်စစ်ကား supply ကဏ္ဍအတွက် ကူညီပေးရန်နှင့် လျှပ်စစ်ကားတစ်စင်းဝယ်ရန် စောင်ဆိုင်းရချိန် မကြာမြင့် စေရန်တို့ ကူညီပေးမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောသည်။
ကနေဒါနိုင်ငံ၊ British Columbia နှင့် Quebec ပြည်နယ်တို့တွင် လျှပ်စစ်ကား ရောင်းချမှုဆိုင်ရာ ရည်မှန်းချက် များ သတ်မှတ်ထားပြီးလည်း ဖြစ်သည်။
လျှပ်စစ်ကားများနှင့် ဟိုက်ဒရိုဂျင်မော်ဒယ်များအပါအဝင် ကာဗွန်ထုတ်လွှတ်မှုမရှိသော ကားများရောင်းချမှု ပမာဏသည် ၂၀၂၆ ခုနှစ်တွင် ကနေဒါတွင် ရောင်းချမည့် ကားအားလုံး၏ ၂၀ ရာခိုင်နှုန်းရှိရမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းနှင့် ၂၀၃၅ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်းရှိရမည်ဟု သတ်မှတ်ထားကြောင်း အဆိုပါသတင်းရင်းမြစ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။
ကနေဒါ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနမှ အရာရှိတို့ကမူ မှတ်ချက်ပြုရန် ငြင်းဆိုထားသည်။
လက်ရှိအားဖြင့် ကမ္ဘာ့ဈေးကွက်တွင်ရောင်းချနေသော ကားအားလုံး၏ ၁၃ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်ကားများ ဖြစ်ပြီး ယခုဆယ်စုနှစ်အကုန်တွင် ၄၀ မှ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိကြောင်း ပဲရစ်မြို့အခြေစိုက် နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အမေရိကန်တွင် ယခုလအစောပိုင်းက ရီပတ်ဘလစ်ကန်ပါတီဦးဆောင်သော အောက်လွှတ်တော်အမတ်များက ၂၀၃၂ ခုနှစ်သို့ ရောက်လျှင် အမေရိကတွင်ရောင်းချမည့်ကားသစ်များမှာ ကားအားလုံး၏ ၆၇ ရာခိုင်နှုန်းရှိရေး အဆိုကို သဘောတူညီခဲ့ကြသည်။
သို့သော် ထိုအဆိုပြုချက်မှာ အိမ်ဖြူတော်၏ ပယ်ချခံရဖွယ် အခြေအနေလည်း ရှိနေသည်။
အမေရိကန်ဈေးကွက်တွင် Tesla သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း EV အစင်းရေ ၃၂၅၂၉၁ ရောင်းချခဲ့ ပြီး ထိပ်ဆုံးတွင် ဦးဆောင်နေသည်။
၎င်း၏နောက် ဒုတိယနေရာတွင် General Motors ထုတ် Chevrolet အမှတ်တံဆိပ်က ရပ်တည်နေသော်လည်း Tesla နှင့် ရောင်းအားများစွာကွာခြားပြီး ၃၄၉၄၃ သာရှိခဲ့သည်။
၎င်းတို့၏နောက်တွင် Ford, Hyundai နှင့် Rivian တို့ ရပ်တည်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Canada to announce all new cars must be zero emissions by 2035 (reuters)