တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာ
- 189 views
တရုတ်နိုင်ငံထုတ် Bestune Net အမျိုးအစား EV မော်တော်ယာဉ်နဲ့ Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်တွေဟာ ရန်ကုန်ဆိပ်ကမ်းကိုရောက်ရှိလာတဲ့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
အဲဒီယာဉ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့တင်သွင်းလာတဲ့ ယာဉ်တွေဖြစ်လို့ အကောက်ခွန် ကင်းလွတ်ခွင့်ရရှိထားတဲ့ မော်တော်ယာဉ်တွေလည်းဖြစ်ပါတယ်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတဲ့ EV ကားတွေဟာ ဈေးကွက်ထဲမှာ သိန်း (၇၀၀) နီးပါးကနေ ကျပ်သိန်း (၂၀၀၀) ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။ လောင်စာဆီသုံး အိမ်စီးကားတွေ ဈေးမြင့်တက်နေရာကနေ အရောင်းအဝယ်တည်ငြိမ်နေပေမယ့်လည်း EV ကားတွေကတော့ အရောင်းအဝယ် ပုံမှန်ရှိနေသေးတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။
လတ်တလောမှာ EV ကားတွေ ဈေးကွက်ထဲ အများအပြားဝင်လာပေမယ့် Show room တွေမှာ အလွယ်တကူ ဝယ်ယူလို့မရဘဲ တစ်ဆင့်ခံ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံတွေနဲ့ အဝယ်ပိုများနေတယ်လို့ EV ဈေးကွက်ထဲကနေ သိရပါတယ်။ တစ်ဆင့်ခံဝယ်ယူရတာကြောင့် EV ကားဈေးနှုန်းတွေဟာ ဈေးမြင့်တက်နေတာ ဖြစ်တယ်လို့ ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com