စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို ဗဟိုဘဏ်ကဒေါ်လာ(၉.၇၂) သန်းကျော် ရောင်းချပေး
- 78 views
စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို မြန်မာနိုင်ငံဗဟိုဘဏ်ကဒေါ်လာ (၉.၇၂) သန်းကျော်ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ်က ပြီးခဲ့တဲ့ဒီဇင်ဘာလ(၁၈) ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။အခုပြည်ပကနေ တင်သွင်းနေတဲ့ ကုန်စည်တွေထဲမှာ စက်သုံးဆီကိုဦးစားပေးသွင်းကုန်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်း ဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနသတ်မှတ်တင်သွင်းနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ Online Trading ငွေလဲနှုန်းကို အရင်က (၂၉၂၀) နှုန်းသတ်မှတ်ထားရာကနေ Market Rate အတိုင်းဒီဇင်ဘာလ (၅) ရက်နေ့စပြီးရောင်းဝယ်ခွင့်ပြုထားပါတယ်။ဒါ့အပြင် ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေထက်ဝက်ကို (၂၁၀၀) ဈေးနဲ့သတ်မှတ်ထားရာကနေ (၃၅) ရာခိုင်နှုန်းအထိသာရောင်းချရန် ဖြေလျှော့ပေးထားပါတယ်။
အခုလိုဆောင်ရွက်မှုကြောင့် သွင်းကုန်ကိစ္စရပ်တွေမှာ အကျိုးသက်ရောက်မှုရှိခဲ့ပြီး အထူးသဖြင့်စက်သုံးဆီ တင်သွင်းရောင်းချသူတွေအတွက်ပိုမိုသက်ရောက်မှုရှိခဲ့တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေကဆိုပါတယ်။ လက်ရှိ အမေရိကန်ဒေါ်လာပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ငွေကျပ်(၃၅၀၀) ဝန်းကျင်အထိပေါက် ဈေးရှိနေတယ်လို့ ပြင်ပနိုင်ငံငွေဈေးကွက်ထဲက သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com