• Home
  • Car News
  • အင်္ဂလန်တွင် ခရစ္စမတ်ကာလအတွင်း ယာဉ်မောင်းများ အရက်သေစာသောက်စားထားပါက ကားဘေးရပ်နေရုံမျှဖြင့် ပေါင် ၂၅၀၀ ဒဏ်ငွေ ချမှတ်ခံရမည်ဟုဆို

အင်္ဂလန်တွင် ခရစ္စမတ်ကာလအတွင်း ယာဉ်မောင်းများ အရက်သေစာသောက်စားထားပါက ကားဘေးရပ်နေရုံမျှဖြင့် ပေါင် ၂၅၀၀ ဒဏ်ငွေ ချမှတ်ခံရမည်ဟုဆို

  • 83 views

 

အင်္ဂလန်တွင် ယာဉ်မောင်းတို့သည် ခရစ္စမတ်ကာလအတွင်း ကားဘေးတွင် ရပ်နေရုံဖြင့် ပေါင် ၂၅၀၀ ဒဏ်ငွေ ချမှတ်ခံရမည့် အန္တရာယ်ရှိနေသည်။

တားမြစ်ထားသော စည်းကမ်းကို ချိုးဖောက်ထားသည်ဆိုပါက ကားအနီးဝန်းကျင်တွင် ရှိနေရုံမျှဖြင့် ထောင်ဒဏ် ၃ လလည်း ချမှတ်ခံရနိုင်သည်။

(ယာဉ်မောင်းတို့သည် အရက်သေစာ သောက်စားထားပါက ကားဘေး ရပ်နေရုံမျှဖြင့် ဒဏ်ငွေ ပေါင် ၂၅၀၀ ချမှတ်ခံရနိုင်သည်)

အင်္ဂလန်တွင် ‘အရက်သေစာ သောက်စားမောင်းနှင်ခြင်း’ ဟူသည်မှာ ‘စက်တပ်ယာဉ်တစ်စီးစီးကို ထိန်းချုပ် ထားသည့် အခြေအနေတွင်ရှိခြင်း’ဟု အဓိပ္ပာယ်ဖွင့်သည်။

လူတစ်ဦးတစ်ယောက်သည် အရက်သေစာ သောက်စားထားပြီး ကားတစ်စင်းအနီးတွင် မတ်တပ်ရပ် နေသည် ဆိုပါက ဥပဒေအရ ထိုသူကို တရားစွဲရန် ဖြစ်နိုင်ချေရှိသည်။

ကားမောင်းရန် ကြံရွယ်ချက်ရှိသည်ဟု အထောက်အထား ခိုင်လုံပါက ထိုသူအနေဖြင့် ယာဉ်မောင်းခုံတွင် ရှိနေရန် မလိုဘဲ တရားစွဲနိုင်သည်။

ကားမောင်းရန် ကြံရွယ်ချက်ရှိသည်ဟု ညွှန်ပြသော အဓိကအချက်များမှာ မိမိ၏ ကားအနီးရှိနေခြင်း၊ ယာဉ်မောင်းခုံတွင်မဟုတ်သော်လည်း ကားထဲတွင်ရှိနေခြင်းနှင့် သော့တပ်ထားခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။

Harwoods Group ၏ Sales and Marketing ဒါရိုက်တာ Clare Freemantle က ထိုအချက်နှင့် စပ်လျဉ်းပြီး ရှင်းပြသည်။

(မှတ်ချက်။ Harwoods Group သည် အင်္ဂလန်ထိပ်တန်း ကားရောင်းချသည့်ကုမ္ပဏီကြီးဖြစ်ပြီး အင်္ဂလန်တောင်ပိုင်းတွင် အခြေစိုက်ကာ လည်ပတ်လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၉၀ ရှိပြီ ဖြစ်သည်)

“ခရစ္စမတ်ကာလဝန်းကျင်မှာ အရက်သောက်ဖို့ စီစဉ်ထားကြသူအနေနဲ့ အန္တရာယ်များပါတယ်။ သူငယ်ချင်း တွေဆီ အလည်အပတ်သွားဖို့ဖြစ်ဖြစ်၊ အလုပ်မှာ ခရစ္စမတ်ပါတီပွဲလုပ်ဖို့ဖြစ်ဖြစ် အရက်သောက်ထားရင် အန္တရာယ်များပါတယ်။ ကားဘေးမှာ မတ်တပ်ရပ်နေရုံနဲ့ အရက်သေစာ သောက်စားပြီး မောင်းနှင်မှုနဲ့ တရားစွဲ ခံရနိုင်ပါတယ်” ဟု သူမက ပြောသည်။

“အင်္ဂလန်ဥပဒေပြဌာန်းချက်အရ ယာဉ်မောင်းခုံမှာ ရှိမနေရင်တောင်မှ အရက်သေစာ သောက်စား မောင်းနှင်မှုနဲ့ တရားစွဲခံရနိုင်ပါတယ်”

“ယာဉ်မောင်းဖို့ ကြံရွယ်ချက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်စရာအကြောင်းရှိတယ်ဆိုရင်၊ ကားဘေးမှာ အရက်သောက်စားထားပြီး မတ်တပ်ရပ်နေတယ်ဆိုရင် ဒဏ်ရိုက်ခံရနိုင်ပါတယ်”

“ယာဉ်မောင်းဖို့ ကြံရွယ်မှုနဲ့ အပြစ်ရှိတယ်လို့ ယူဆခံရရင် ထောင်ဒဏ် ၃ လ၊ ဒဏ်ငွေ ပေါင် ၂၅၀၀ အပြင် လိုင်စင်သိမ်းခံရတာဖြစ်နိုင်ပါတယ်”


“တကယ်လို့ အရက်သေစာ သောက်စားထားပြီး ကားတကယ်မောင်းခဲ့မယ်၊ ကားမောင်းဖို့ ကြိုးစားခဲ့မယ် ဆိုရင်တော့ ထောင်ဒဏ် ၆ လ၊ အကန့်အသတ်မရှိတဲ့ ဒဏ်ငွေအပြင် လိုင်စင် ၁ နှစ်ပိတ်ခံရမှာ ဖြစ်ပါတယ်”

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Drivers could be fined £2,500 just for standing next to their car at Christmas  (thesun)