- Home
- Car News
- ဘာလီကျွန်းတွင် ကမ္ဘာ့လှည့်ခရီးသည်တစ်ဦး ပျောက်ဆုံးသွားသောဖုန်းကို ကူညီရှာဖွေပေးသော ယာဉ်မောင်း တစ်ဦး ဆုကြေးငွေ ၂ သန်းရရှိ
ဘာလီကျွန်းတွင် ကမ္ဘာ့လှည့်ခရီးသည်တစ်ဦး ပျောက်ဆုံးသွားသောဖုန်းကို ကူညီရှာဖွေပေးသော ယာဉ်မောင်း တစ်ဦး ဆုကြေးငွေ ၂ သန်းရရှိ
- 268 views
ဘာလီကျွန်း၏ တောင်ဘက်မှ အပန်းဖြေကျေးရွာတစ်ခုဖြစ်သော Canggu ကျေးရွာတွင် ယာဉ်မောင်းတစ်ဦး သည် ကမ္ဘာလှည့်ခရီးသည်တစ်ဦး ပျောက်ဆုံးသွားသောဖုန်းကို ကမ်းခြေတွင် ကူညီရှာဖွေပေးရာမှ ဆုကြေးငွေ သန်းနှင့်ချီရရှိသွားသည်။
ဗြိတိန်ကမ္ဘာလှည့်ခရီးသည် အာချီ ဒေ့ဗီ (Archie Davey) က ကမ်းခြေတွင် ဖုန်းလိုက်ရှာပုံကို TikTok လူမှုကွန်ရက်တွင် ဗွီဒီယိုတင်ခဲ့ရာ ကြည့်ရှုမှုအကြိမ်ရေ ၂ သန်းနီးပါးရှိခဲ့သည်။
Canggu ကမ်းခြေတွင် ဖုန်းပျောက်ပါက ယာဉ်မောင်းတို့အား ဆုငွေ ၂ သန်းပေးပါဟု အာချီ ဒေ့ဗီက သူ၏ ဗွီဒီယိုတွင် ရေးသားထားသည်။
သူ၏ ဗွီဒီယိုတွင် တွေ့မြင်ရမှုအရ GoJek ကုမ္ပဏီမှ စကူတာဆိုင်ကယ်ယာဉ်မောင်းများစွာသည် ကမ်းခြေတွင် ဖုန်းလိုက်ရှာဖွေပေးနေသည်ကို တွေ့ရသည်။
GoJek သည် အင်ဒိုနီးရှားကုမ္ပဏီတစ်ခုဖြစ်ပြီး အစားအသောက်ပို့ဆောင်ခြင်း ၊ ခရီးသည်ပို့ဆောင်ပေးခြင်းတို့ အပါအဝင် အခြားဝန်ဆောင်မှုများစွာ ပေးသည့်ကုမ္ပဏီဖြစ်ကာ အာရှ ၈ နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက် ရှိသည်။
ဖုန်းတွေ့ရှိပြီးနောက် ဝမ်းသာပျော်ရွှင်သွားသော အာချီ ဒေ့ဗီက ဆုချီးမြှင့်ရန် အမှန်တကယ် ထိုက်တန်ကြောင်း ပြောသည်။
ဗွီဒီယိုထဲတွင် အာချီ ဒေ့ဗီက အင်ဒိုနီးရှား ရူပီးယားငွေ ၁၀၀၀၀၀ တန် အရွက် ၂၀ ရေတွက်ကာ ဖုန်းတွေ့ရှိ ခဲ့သော ယာဉ်မောင်းအား ဆုကြေးပေးလိုက်သည်ကို တွေ့ရသည်။
(အမေရိကန်ဒေါ်လာ ၁၃၃ ခန့်နှင့် ညီမျှသည်။)
ထိုငွေ ပမာဏမှာ အမေရိကန်ဒေါ်လာအားဖြင့် အနည်းငယ်မျှသာ ဖြစ်သော်လည်း ဘာလီကျွန်းမှ ဝန်ဆောင်မှု ပေးသော အလုပ်သမားတစ်ဦး၏ ပျမ်းမျှလစာ တစ်လစာခန့်ရှိသည်။
အာချီ ဒေ့ဗီ၏ Follower တို့က များပြားသော ဆုကြေးငွေဖြစ်ကြောင်း ပြောကြသည်။
“အစ်ကိုက Mr.Beast လို ဖြစ်သွားပြီ။”ဟု တစ်ဦးက မှတ်ချက်ပြုသည်။
Mr.Beast မှာ YouTube နာမည်ကြီးတစ်ဦး ဖြစ်သည်။
“သန်းကြွယ်သူဌေးဖြစ်ဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ”ဟု အခြားတစ်ဦးက အရွှန်းဖောက်သည်။
(ဗြိတိန်ကမ္ဘာလှည့်ခရီးသည် အာချီဒေ့ဗီက သူ့အား ဖုန်းရှာပေးသော ဘာလီကျွန်းမှ ယာဉ်မောင်းတစ်ဦးကို ဆုငွေချီးမြှင့်ခဲ့သည်။ ဓာတ်ပုံ-TikTok)
(ဆုကြေးငွေမှာ ဘာလီကျွန်းမှ အလုပ်သမားတစ်ဦး၏ တစ်လစာ လခခန့် ရှိသည်။ဓာတ်ပုံ-TikTok)
အင်ဒိုနီးရှားမှ Follower တစ်ဦးက မှတ်ချက်ပြုသည်မှာ “အစ်ကို ၊ ဒီငွေက ခင်ဗျားအတွက် ဘာမှ မဖြစ်လောက် ပေမဲ့ တခြားတစ်ယောက်အတွက် ပျော်စရာ နေ့ရက်တစ်ခု ဖြစ်စေခဲ့တယ်။ ကျေးဇူးတင်ပါတယ်။ ”ဟု ဆိုသည်။
အခြားတစ်ဦးက “အခုပေးလိုက်တာထက် အဆပေါင်းများစွာ ဘုရားသခင်က ကောင်းချီးပေးပါစေ”ဟု မှတ်ချက်ပြုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bali driver claimed ‘$2 million’ reward after returning lost phone — but there’s a catch (news.com)