• Home
  • Car News
  • ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့သော သြစထရီးယားအိမ်ရှေ့စံလုပ်ကြံခံရမှု (သို့မဟုတ်) ကားပိုင်ရှင် ၁၄ ဦး သေဆုံးစေခဲ့သော ခြောက်ခြားဖွယ် ကျိန်စာသင့် မော်တော်ကား

ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့သော သြစထရီးယားအိမ်ရှေ့စံလုပ်ကြံခံရမှု (သို့မဟုတ်) ကားပိုင်ရှင် ၁၄ ဦး သေဆုံးစေခဲ့သော ခြောက်ခြားဖွယ် ကျိန်စာသင့် မော်တော်ကား

  • 808 views


သြစထရီးယားအိမ်ရှေ့စံ ဖရန့်ဇ် ဖာဒီနန် (Franz Ferdinand) စီးခဲ့သော 1910 Graf & Stift Double Phaeton ကား 🚓🚓 ၏ ကံဆိုးမိုးမှောင်တို့မှာ အိမ်ရှေ့မင်းသားအား Gavrilo Princip ဆိုသူက လုပ်ကြံခဲ့သောနေ့တွင် စတင်ခဲ့ သည်။

ထိုအဖြစ်အပျက်သည်ပင်လျှင် ပထမကမ္ဘာစစ်ကြီးဖြစ်ပွားစေခဲ့သည့် လတ်တလောအကြောင်းရင်းလည်း ဖြစ်လေသည်။

၁၉၁၄ ခုနှစ် ၊ ဇွန်လ ၂၈ ရက်တွင် အိမ်ရှေ့စံဖာဒီနန်နှင့် ကြင်ယာတော်တို့သည် ဆားဘီးယားနိုင်ငံ ၊ ဆာရာယေဘိုမြို့ရှိ Princip ကော်ဖီဆိုင်၏ အပြင်ဘက်တွင် ၎င်းတို့၏ Limousine ကားကို ရပ်တန့်လိုက်ပြီး အပြင်သို့ ထွက်လာချိန်တွင် အိမ်ရှေ့စံနှင့် ကြင်ယာတော် ၂ ဦးလုံး ပစ်သတ်ခံလိုက်ရသည်။

ယင်းနောက်ပိုင်း ၁၂ နှစ်တာကာလအတွင်း သရဲစီးနေသော ဤကားကြောင့် လူပေါင်း ၁၃ ဦး ထပ်မံသေဆုံးခဲ့ ရသည်။

အိမ်ရှေ့စံတို့စုံတွဲ သေဆုံးပြီးနောက် သြစထရီးယားက ဆားဘီးယားကို စစ်ကြေညာခဲ့သည်။

ယင်းနောက် ၁ လအကြာတွင် သြစထရီးယား၏ မဟာမိတ်များနှင့် ဆားဘီးယား၏ မဟာမိတ်တို့က အချင်းချင်း စစ်ကြေညာခဲ့ကြရာ ပထမကမ္ဘာစစ်ကြီး ပေါ်ပေါက်လာစေခဲ့သည်။

 

 

 

(သြစထရီးယားအိမ်ရှေ့စံတို့ စုံတွဲ လုပ်ကြံခံခဲ့ရသည့် သတင်းကို The Daily Telegraph သတင်းစာကြီးက ဖော်ပြခဲ့ပုံ။)

 

(1910 Graf & Stift Double Phaeton ကား)

 

(အိမ်ရှေ့စံနှင့် ကြင်ယာတော်)

 

သြစထရီးယားအိမ်ရှေ့စံ၏ ဆာရာယေဘိုမြို့ အလည်အပတ်ခရီးစဉ်အတွင်း ၎င်းအား လုပ်ကြံသတ်ဖြတ် မည့်သူများစွာ သူ၏ လမ်းကြောင်းတစ်လျှောက် စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုနေ့မနက် အစောပိုင်းက လက်ပစ်ဗုံးဖြင့် သူ့ကားကို ပစ်ခတ်ခံခဲ့ရသော်လည်း ထိုဗုံးမှာ လိမ့်ဆင်းသွားပြီး နောက်မှ လိုက်ပါလာသော သူ၏အဖွဲ့ဝင်ကားတစ်စင်းအောက်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။

 

 

(အိမ်ရှေ့စံနှင့် ကြင်ယာတော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ Gavrilo Princip )

 


လုပ်ကြံရန် စောင့်ဆိုင်းနေသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သူ Gavrilo Princip မှာ အိမ်ရှေ့စံအား လုပ်ကြံရန် စောင့်ဆိုင်းနေရင်း ဗိုက်ဆာလာသောကြောင့် အနီးရှိ ကော်ဖီဆိုင်သို့ စားစရာသွားရောက် ဝယ်ယူခဲ့သည်။


ဗုံးပစ်ခံရမှုကြောင့် မူလစီစဉ်ထားသော လမ်းကြောင်းဖျက်ကာ လမ်းကြောင်းပြောင်းပြီး မောင်းလာသော အိမ်ရှေ့စံ၏ ကားမှာလည်း ထိုဆိုင်ရှေ့သို့ ရောက်သောအခါ ဂငယ်ကွေ့ ပြန်လှည့်ရာ ထိုသို့ကားလှည့်နေ ချိန်တွင် Gavrilo Princip က ပစ္စတိုဖြင့် ၂ ချက်ပစ်ခတ်ခဲ့သောကြောင့် အိမ်ရှေ့စံတို့စုံတွဲမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့ရသည်။

 

 

(သြစထရီးယားအိမ်ရှေ့စံ စီးခဲ့သောကားကို ယခုအခါ သြစထရီးယားနိုင်ငံ ၊ ဗီယန်နာမြို့ရှိ Heeresgeschichtliches  ပြတိုက်တွင် ပြသထားပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့မှုကို တွေ့ရှိနိုင်သည်။)

 


ကျိန်စာသင့် မော်တော်ကားသည် နောက်ပိုင်းတွင်လည်း ကားရှင်များအား ဆိုးရွားသော ဘဝနိဂုံးနှင့် ရင်ဆိုင်ရစေမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

မော်တော်ကားတို့နှင့် ပရလောကသားတို့အကြား ဆက်နွယ်မှုများအကြောင်း ၁၉၅၉ ခုနှစ်တွင် စာရေးဆရာ ဖရန့်ခ် အက်ဒ်ဝါ့ဒ်က သိပ္ပံပညာထက် ပိုမိုဆန်းကြယ်မှုများ (Stranger Than Science) ဟူသော စာအုပ်တွင် ရေးသားဖော်ပြခဲ့ရာ ပိုင်ရှင်တို့အား ကြမ္မာဆိုးနှင့် ရင်ဆိုင်ရစေသော သြစထရီးယားအိမ်ရှေ့စံ၏ Graf & Stift မော်တော်ကားအကြောင်းလည်း ပါဝင်ခဲ့သည်။

စာရေးဆရာ ဖရန့်ခ် အက်ဒ်ဝါ့ဒ်၏ ရေးသားဖော်ပြမှုအရ ယာယီအပစ်အခတ် ရပ်စဲထားစဉ်ကာလအတွင်း  ယူဂိုဆလားဗီးယားဘုရင်ခံက ဤကားကို ပထမတန်းစားအဆင့် အခြေအနေမျိုးရအောင် ပြန်လည်မွမ်းမံကာ စီးနင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ယာဉ်တိုက်မှု ၄ ကြိမ်ဖြစ်ကာ ညာဘက်လက်ဖြတ်ခဲ့ရပြီးနောက်ပိုင်း ဘုရင်ခံက ဤကားကို ဖျက်ဆီးပစ်သင့်သည်ဟု ယူဆခဲ့သည်။

သို့သော် သူ၏မိတ်ဆွေ ဒေါက်တာဆရီကစ် (Dr.Srikis) က ထိုအယူအဆကို လက်မခံ။

ကားတစ်စီး ကျိန်စာသင့်သည်ဆိုခြင်းကို ဒေါက်တာ ဆရီကစ်က သရော်လှောင်ပြောင်ခဲ့ကာ ထိုကားကို ရယူပြီး ၆ လခန့် စီးနင်းခဲ့သည်။

ယင်းနောက်ပိုင်း အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် ထိုကား ပက်လက်လန်နေသည်ကို တွေ့ခဲ့ရပြီး ကားအောက်တွင် ဒေါက်တာ ဆရီကစ်၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ဒေါက်တာ ဆရီကစ်နောက်ပိုင်း ထိုကားကို ဆရာဝန်တစ်ဦးပင် ဆက်လက်ပိုင်ဆိုင်ခဲ့သည်။

သို့သော် ထိုဆရာဝန်၏ မိဘများက အယူသီးသူများဖြစ်သောကြောင့် ဆွစ်ဇာလန်မှ ပြိုင်ကားမောင်းသူ တစ်ဦးထံ ရောင်းချခဲ့သည်။

ထိုပြိုင်ကားမောင်းသူက အီတလီနိုင်ငံ ၊ Dolomites တောင်တန်းပေါ်တွင် ကားပြိုင်မောင်းစဉ် ကျောက်နံရံ တစ်ခုနှင့် ဆောင့်မိပြီး ဇက်ကျိုးပြီး သေဆုံးသွားခဲ့သည်။

ယင်းနောက်ပိုင်း လယ်သမားတစ်ဦးက ထိုကားကို ဝယ်ယူခဲ့ပြီး တစ်နေ့တွင် ဈေးသို့ မောင်းနှင်သွားခဲ့သည်။

လမ်းတွင် စက်သေကာ ရပ်တန့်သွားခဲ့ရာ အခြားလယ်သမားတစ်ဦးက သူ၏ကားဖြင့် ဆွဲခေါ်ပေးနေစဉ် ကားမှာ စက်နိုးလာပြီး အလွန်လျှင်မြန်သော အရှိန်နှုန်းဖြင့် ရှေ့ကားကို ဝင်တိုက်ရာ လယ်သမား ၂ ဦးလုံး သေဆုံးခဲ့ကြပြန်သည်။

ကား၏ နောက်ဆုံးပိုင်ရှင်မှာ Tiber Hirschfield ဆိုသူဖြစ်ပြီး သူက ကားတစ်စီးလုံးကို ဆေးပြန်သုတ်ရန် ဆုံးဖြတ်ခဲ့သည်။

ကားကို ဆေးသုတ်ပြီးနောက် ၎င်းက မင်္ဂလာဆောင်တစ်ခုသို့သွားရန် စီစဉ်ရာတွင် သူ၏ သူငယ်ချင်း ၅ ဦးကိုလည်း အတူခေါ်ခဲ့သည်။

Tiber Hirschfield တို့အဖွဲ့၏ ကားသည် အခြားကားတစ်စီးနှင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး ၎င်းအပြင် သူ၏ သူငယ်ချင်း ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထိုအချိန်တွင်ကား သြစထရီးယားအစိုးရက အဆိုပါကားကို သိမ်းယူခဲ့ကာ ပြတိုက်တွင် ထားရှိ ပြသခဲ့သည်။

သို့သော် တစ်ခုသော မွန်းလွဲပိုင်းတွင်ကား မဟာမိတ်တို့၏ ဗုံးကျဲလေယာဉ်များက ပြတိုက်အပေါ် ဗုံးကြဲခဲ့သည်။

ပြတိုက်မှာ အုတ်ပုံဘဝသို့ ရောက်ရှိသွားပြီး ကျိန်စာသင့် မော်တော်ကားလည်း ကမ္ဘာမြေမှ ပျောက်ကွယ်သွားခဲ့တော့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  History Hits Halloween Special: Archduke Franz Ferdinand’s 1910 Gräf & Stift Double Phaeton   (thespeedtrap)