- Home
- Car News
- BMW က အလုပ်ချိန်ပြင်ပတွင် အခြားသူတို့အား ကူညီတတ်သော ဝန်ထမ်း ၄ ဦးကို ယူရို ၁၀၀၀၀ (မြန်မာငွေ ၂၂၃ သိန်းကျော်) ဆုချီးမြှင့်
BMW က အလုပ်ချိန်ပြင်ပတွင် အခြားသူတို့အား ကူညီတတ်သော ဝန်ထမ်း ၄ ဦးကို ယူရို ၁၀၀၀၀ (မြန်မာငွေ ၂၂၃ သိန်းကျော်) ဆုချီးမြှင့်
- 199 views
ဂျာမန်ထိပ်သီးကားကုမ္ပဏီကြီး BMW သည် အလုပ်ချိန်ပြင်ပတွင် အခြားသူတို့အား ကူညီတတ်သော ၎င်းတို့၏ ဝန်ထမ်း ၄ ဦးကို ယူရို ၁၀၀၀၀ (မြန်မာငွေ ၂၂၃ သိန်းကျော်) ဆုချီးမြှင့်လိုက်သည်။
(မှတ်ချက်။ စက်တင်ဘာ ၁၉ ရက် သတ်မှတ်ငွေလဲနှုန်း ၁ ယူရိုလျှင် မြန်မာကျပ်ငွေ ၂၂၃၉ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်)
ကျွန်ုပ်တို့၏ ကမ္ဘာကြီးသည် စာနာရိုင်းပင်းတတ်မှုနှင့် စည်းလုံးမှုတို့ ပိုမိုလိုအပ်နေသည်။
ကျွန်ုပ်တို့သည် ကာလကြာရှည် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်၍သာ နေကြပြီး ထိုခြေလှမ်းများ ရပ်တန့်ရန် မေ့လျော့နေကြသည်။
ထိုသို့ ပြိုင်ဆိုင်မှုမျိုး ရပ်တန့်ရန်အတွက် BMW က ပြိုင်ပွဲတစ်ခုလုပ်ကာ လုပ်ငန်းချိန်ပြင်ပတွင် ကူညီတတ်သော ဝန်ထမ်းတို့အား ဆုချီးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုပြိုင်ပွဲကို စိတ်ဝင်စားမှုရှိစေရန်အတွက် BMW က Grand Prize အဖြစ် ဆုငွေ ယူရို ၁၀၀၀၀ (ကန်ဒေါ်လာ ၁၀၆၆၅) ပေးမည်ဟု ကြေညာခဲ့သည်။
BMW သည် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံများစွာတွင် အကြောင်းရပ်များစွာနှင့် ပရဟိတအဖွဲ့များစွာကို ငွေကြေး လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
BMW သည် အကျိုးမမျှော်ဘဲ လုပ်ငန်းခွင်ပြင်ပတွင် အခြားသူတို့အား ကူညီခဲ့သော ဝန်ထမ်းများမှ ၄ ဦးကို ရွေးချယ်ကာ ကုမ္ပဏီ နှစ်ပတ်လည်အခမ်းအနားတွင် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း ဆုချီးမြှင့်ခဲ့သော ‘BMW အုပ်စု လူမှုရေးသိတတ်မှုဆု’ ကို ဂျာမနီနိုင်ငံမှ ဝန်ထမ်း ၂ ဦးနှင့် ဘရာဇီးနိုင်ငံမှ ဝန်ထမ်း ၂ ဦးတို့ ရရှိသွားပြီး ၎င်းတို့ အသီးသီးသည် Grand Prize ဆုကြီးများ ရရှိသွားခြင်း ဖြစ်သည်။
ထို ၄ ဦး၏ စုစုပေါင်း ဆုကြေးငွေမှာ ယူရို ၄၀၀၀၀ (ကန်ဒေါ်လာ ၄၀၆၈၆) ဖြစ်သည်။
BMW ၏ ထိုပြိုင်ပွဲတွင် စာရင်းပေးသွင်းသည့် ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိခဲ့သည်။
နောက်ဆုံးဇကာတင်အဆင့်သို့ ၁၁ ဦး ရောက်ရှိခဲ့ပြီး ၄ ဦးသာ ရွေးချယ်ခံရခြင်း ဖြစ်သည်။
သို့သော် အခြား ၇ ဦးမှာလည်း ယူရို ၂၅၀၀ (မြန်မာငွေ ၅၅ သိန်း) ရရှိခဲ့ကြရာ စုစုပေါင်း ဆုကြေးငွေမှာ ယူရို ၅၇၅၀၀ (ကန်ဒေါ်လာ ၆၁၃၇၁) ရှိသည်။
(၁။ မားကပ်စ် အန်တာ)
မားကပ်စ် အန်တာအမည်ရှိ ဝန်ထမ်းသည် နာတာရှည်ဂေဟာတစ်ခုတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီလုပ်ကိုင်ပေးကာ ဘဝနိဂုံးချုပ်ရန် နီးကပ်နေသူတို့နှင့် အချိန်ကုန်လွန် ဖြတ်သန်းခဲ့သည်။
ထို့အပြင် ထိုဆေးရုံတွင် တက်ရောက်နေသူများအတွက် ချက်ပြုတ်ပေးခြင်း၊ စိတ်ရွှင်လန်းဖွယ်ရာများ ဆောင်ကြဉ်းပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။
အချိန်ရပါက ထိုဆေးရုံမှ အခြားဝန်ထမ်းတို့၏ အလုပ်ကိုပင် ကူညီလုပ်ကိုင်ပေးခဲ့သေးသည်။
(၂။ အန်ကဲ့ ဘွိုက်စ်)
အန်ကဲ့ ဘွိုက်စ်အမည်ရှိ ဝန်ထမ်းမိန်းကလေးက ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော ခွေးများကို လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးသည်။
တိုင်းပြည်ပြင်ပအထိ ထွက်ရလေ့ရှိသော ဖောင်ဒေးရှင်းတစ်ခု၏ ခရီးစဉ်များတွင်လည်း လိုက်ပါပေးသည်။
ဥပမာအားဖြင့် တူရကီတွင် ဖျက်အားပြင်း ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် အသက်ရှင်သန် ကျန်ရစ်သူများ ရှာဖွေကယ်ဆယ်ရန် တူရကီသို့ သွားရောက်ခဲ့သည်။
(၃။ ခရစ္စတီယာနို အလန်းနို)
ခရစ္စတီယာနို အလန်းနို အမည်ရှိ ဝန်ထမ်းက ကျောင်းတက်ခွင့်မရသော ငယ်ရွယ်သူများအား ကူညီမှုများ ပြုလုပ်ပေးပြီး အလုပ်အကိုင်ရစေရန်လည်း လိုအပ်သည့် အရည်အချင်းများ ရရှိစေရေး သင်ကြားလေ့လာမှုများ ပြုလုပ်ရန် အခမဲ့ ကူညီပေးခဲ့သည်။
(၄။ သောမတ် ဖာနာဝါ)
သောမတ် ဖာနာဝါ အမည်ရှိ ဝန်ထမ်းက နေအိမ်မရှိသူတို့အတွက် တန်ဖိုးနည်းအိမ်များ အခမဲ့ကူညီ ဆောက်လုပ်ပေးခဲ့သည်။
သူနှင့် သူ့အဖွဲ့က ထိုအိမ်များ ဆောက်လုပ်ရာတွင် စွန့်ပစ်ပစ္စည်းများ အသုံးပြုခဲ့သည်။
BMW ၏ ယခုပြိုင်ပွဲသည် ဤတစ်နှစ်တာအတွက်သာမဟုတ် ၊ နောင်လာမည့် ၁၂ နှစ်တာကာလတလျှောက် တွင်လည်း ထိုသို့သော ဝန်ထမ်းများကို ရွေးချယ်ကာ ဆုချီးမြှင့်သွားဦးမည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BMW Gave Four of Its Employees €10,000 for a Heartwarming Reason (autoevolution)