• Home
  • Car News
  • The Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒို ဒီကာပရီယို စီးခဲ့သော Lamborghini Countach ပြိုင်ကား အဘူဒါဘီလေလံပွဲတွင် ရောင်းထွက်

The Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒို ဒီကာပရီယို စီးခဲ့သော Lamborghini Countach ပြိုင်ကား အဘူဒါဘီလေလံပွဲတွင် ရောင်းထွက်

  • 365 views


ဒါရိုက်တာ မာတင်စကော့စီစီ ရိုက်ကူးခဲ့ကာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သော The Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒို ဒီကာပရီယို စီးခဲ့ပြီး ရုပ်ရှင်ထဲတွင် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည့် Lamborghini Countach ပြိုင်ကားမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု၏ မြို့တော် အဘူဒါဘီတွင် ပြုလုပ်ခဲ့သော လေလံပွဲ ၌ ရောင်းထွက်သွားသည်။

အဆိုပါ ကားပျက်မှာ အစင်းရာ တစ်ခုမှပင်မရှိသော ကားသစ်တစ်စီးထက်ပင် ပိုမိုတန်ကြေးရှိနေဟန် ရသည်။

အဘယ်ကြောင့်ဆိုလျှင် လီယိုနာဒိုဒီကာပရီယိုက လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်တွင် ရုံတင်ခဲ့သော ရုပ်ရှင်ထဲ ၌ ဤကားကို စီးနင်းသရုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။

 

အော်စကာဆုရှင် လီယိုနာဒိုဒီကာပရီယိုက ၂၀၁၃ ခုနှစ်အတွင်း ရုံတင်ခဲ့သော The Wolf of Wall Street ရုပ်ရှင်တွင် ရှယ်ယာပွဲစား ဂျော်ဒန်ဘဲလ်ဖို့ဒ်အဖြစ် သရုပ်ဆောင်ခဲ့ရာတွင် ဤကားကို မူးယစ်ဆေးသုံးစွဲကာ မောင်းနှင်ရင်း လမ်းတစ်လျှောက် အခြားကားများ၊ ဆိုင်းဘုတ်များ ဝင်တိုက်ခဲ့ပြီး သူ၏ Lamborghini မှာ ထိခိုက်ပျက်စီးသွားပုံ ရိုက်ကူးပြသခဲ့ခြင်း ဖြစ်သည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရာတွင် ယခုကားမျိုး ၂ စင်းအသုံးပြုခဲ့သည်။ရုပ်ရှင်ရိုက်ကူးပြီးချိန်တွင် ယခုကားကို အမည်မဖော်ပြသောသူတို့လက်တွင် သိမ်းဆည်းထားခဲ့ပြီး ရုပ်ရှင်ထဲတွင် ပျက်စီးသွားခဲ့သည့်အခြေအနေအတိုင်းသာ ထားရှိခဲ့သည်။

 

 

ယခုအခါ ထို Lamborghini ကို အဘူဒါဘီတွင် ကျင်းပခဲ့သော လေလံပွဲ၌ ရောင်းချခဲ့ခြင်းဖြစ်သည်။

မူလက နယူးယောက်မြို့လေလံပွဲတွင် ရောင်းချရန် စီစဉ်ခဲ့သည်။

ယခု Lamborghini သည် ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့သော အစင်းရေ ၆၅၈ စင်းသာ ရှိသည့်အနက် တစ်စင်းဖြစ်သည်။

 

 

ဒီကာပရီယိုစီးခဲ့သော Lamborghini တွင် 5.2 liter V12 အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား ၄၄၉ hp ရှိကာ ရုန်းအား ၃၆၉ lb-ft ရှိသည်။

0 to 100 kmph ကို ၄ ဒသမ ၇ စက္ကန့်အတွင်း ရရှိနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၁၈၄ မိုင် (၂၉၆ kmph) ဖြစ်သည်။

လေလံပွဲတွင် ဒီကာပရီယို၏ Lamborghini Countach 25th Anniversary Edition မှာ ကြမ်းခင်းဈေးသို့ မရောက်ခဲ့ဘဲ ကန်ဒေါ်လာ ၁ ဒသမ ၃၅ သန်းဖြင့်သာ ရောင်းထွက်သွားသည်။

 

သို့တိုင်အောင် ကားပျက်တစ်စီးအတွက် များပြားသော ငွေပမာဏ ဖြစ်နေဆဲပင်။

လေလံအောင်သူသည် စာရွက်စာတမ်းများအပြင် လီယိုနာဒို ဤကားမောင်းခဲ့စဉ် ရုပ်ရှင်ထဲတွင် ဝတ်ဆင်ခဲ့ သော အဝတ်အစား ၊ အဆိုပါ ရုပ်ရှင် DVD ၂ ချပ် ၊ ဒါရိုက်တာ၏ ထိုင်ခုံ ၂ လုံးနှင့် ရိုက်ကွင်းတွင် အသုံးပြုသော Clapboard တစ်ခုတို့လည်း ရရှိမည် ဖြစ်သည်။

ထို့အပြင် ရိုက်ကူးရေးအဖွဲ့သား ၂ ဦး၏ Hoodies အင်္ကျီများလည်း ပါဝင်သည်။

Hoodies များနှင့် Clapboard တို့တွင် ဒါရိုက်တာ မာတင်စကော့စီစီနှင့် သရုပ်ဆောင်များဖြစ်သော လီယိုနာဒို ဒီကာပရီယို ၊ မာဂေါ့ ရော့ဘီတို့ လက်မှတ်ရေးထိုးပေးထားသည်။

မာဂေါ့ ရော့ဘီသည် ရုပ်ရှင်ထဲတွင် ဂျော်ဒန်ဘဲလ်ဖို့ဒ် (လီယိုနာဒို) ၏ ဇနီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

 

 

(ဆက်စပ်သတင်း)

The Wolf of Wall Street ရုပ်ရှင်ကားတွင် လီယိုနာဒို ဒီကာပရီယို စီးခဲ့သော Lamborghini Countach လေလံတင် ရောင်းချမည်

https://www.imyanmarhouse.com/news/read/1081049

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Someone Paid a Fortune To Buy That Crashed Lamborghini From 'The Wolf of Wall Street'  (autoevolution)