• Home
  • Car News
  • ကမ္ဘာပေါ်တွင် ခရီးမိုင်အများဆုံး မောင်းနှင်ထားသော မော်တော်ကား သွားခဲ့သော ခရီးမှာ ကမ္ဘာမြေမှ လကမ္ဘာ သို့ ၁၄ ကြိမ်သွားနိုင်သောခရီးဖြစ်

ကမ္ဘာပေါ်တွင် ခရီးမိုင်အများဆုံး မောင်းနှင်ထားသော မော်တော်ကား သွားခဲ့သော ခရီးမှာ ကမ္ဘာမြေမှ လကမ္ဘာ သို့ ၁၄ ကြိမ်သွားနိုင်သောခရီးဖြစ်

  • 220 views

ကားပိုင်ရှင်အများစုသည် ၎င်းတို့ကား သွားခဲ့သော ခရီးမိုင် (Mileage) ကို သိုသိပ်ကွယ်ဝှက်ထားလိုကြသည်။

အာ့ဗ် ဂေါ်ဒန် (Irv Gordon) ကမူ သူ့ကား၏ ခရီးမိုင်ကို ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ကြေညာခဲ့သည်။

အာ့ဗ် ဂေါ်ဒန်သည် Volvo P1800 ကားကို ပိုင်ဆိုင်ခဲ့သည့် ကာလအတွင်း စီးခဲ့သော ခရီးမိုင်မှာ ကီလိုမီတာ ပေါင်း ၅ ဒသမ ၁ သန်း (မိုင် ၃ ဒသမ ၂ သန်း) ရှိခဲ့ပြီး ကမ္ဘာ့ခရီးမိုင် အများဆုံးကားအဖြစ် စံချိန်တင်ခဲ့သည်။

မယုံနိုင်ဖွယ် ခရီးမိုင်ပင် ဖြစ်သည်။

 

 

ထိုခရီးအကွာအဝေးမှာ ကမ္ဘာမြေမှ လကမ္ဘာသို့ ၁၄ ကြိမ် သွားသည့် အကွာအဝေးနှင့် ညီမျှသည်။

အာ့ဗ် ဂေါ်ဒန်ကမူ ကမ္ဘာ့စံချိန်မှတ်တမ်းရရှိရန် စီစဉ်ခဲ့ခြင်း မရှိချေ။
ဂေါ်ဒန်က ကား ၂ စီးနှင့် ပတ်သက်ပြီး စိတ်ပျက်ဖွယ် ရင်ဆိုင်ခဲ့ရပြီးနောက် ယုံကြည်စိတ်ချရသော ကားတစ်စင်း လိုချင်ခဲ့သည်။

၁၉၆၆ ခုနှစ်တွင် Volvo P1800 ကို ဝယ်ယူခဲ့ပြီးနောက် တစ်ပတ်တာအတွင်း ကီလိုမီတာ ၂၄၁၄ (မိုင် ၁၅၀၀) မောင်းနှင်ခဲ့သည်။

အလယ်တန်းပြ ဆရာတစ်ဦးအနေဖြင့် ရက်အနည်းငယ်အတွင်း အဘယ်ကြောင့် မိုင်နှုန်း ဤမျှ မောင်းနှင်ခဲ့ရ သနည်း။

 

 

အဖြေကား ဂေါ်ဒန်က ယာဉ်မောင်းရခြင်းကို နှစ်သက်မြတ်နိုးသောကြောင့် ဖြစ်သည်။

သူကလည်း ထိုအချက်ကို ထုတ်ဖော်ဝန်ခံရန် မရှက်။

“အသိအသာပါပဲ။ ကျွန်တော်က ကားမောင်းရတာ ကြိုက်တယ်။ ကားမောင်းတာဟာ ကျွန်တော်အတွက် အပန်းဖြေတာပါပဲ။ ”ဟု ဂေါ်ဒန်က ပြောဖူးသည်။

တစ်ပတ်အတွင်း ကီလိုမီတာ ၂၄၁၄ မောင်းနှင်ခဲ့ပြီးနောက်ပိုင်း ဂေါ်ဒန်က သူယုံကြည်စိတ်ချသော ထိုကားကို အခွင့်အရေးရတိုင်း မောင်းနှင်သည်။

ကီလိုမီတာပေါင်း ၄၀၂၃၃၆ (မိုင်ပေါင်း ၂၅၀၀၀၀) မောင်းနှင်ခဲ့ပြီးနောက် ဂေါ်ဒန်က Volvo ကုမ္ပဏီထံ စာရေးအကြောင်းကြားခဲ့ပြီး ကားပင်မပြင်ရကြောင်း ဖော်ပြခဲ့သည်။

 

 

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်နဲ့ ကျေနပ်ပျော်ရွှင်နေတာ သိရလို့ ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ခါးပတ်ပတ်ဖို့ မမေ့ပါနဲ့။”ဟု Volvo က ပြန်လည်အကြောင်းကြားခဲ့သည်။

ဂေါ်ဒန်က ကီလိုမီတာ ၈၀၄,၆၇၂ (မိုင် ၅၀၀,၀၀၀) သို့ ရောက်ရှိချိန်တွင် Volvo ထံ ထပ်မံ စာရေးပြန်သည်။

ထိုအချိန်တွင်မူ Volvo မှ ပုဂ္ဂိုလ်တစ်ဦးက သတိထားမိသွားပြီး ဂေါ်ဒန်အား 780 Coupe အသစ်တစ်စင်း လက်ဆောင်ပေးခဲ့သည်။

ဂေါ်ဒန်သည် Volvo ကားကုမ္ပဏီ၏ Brand Ambassador တစ်ဦးဖြစ်လာခဲ့ပြီး ဥရောပတစ်လွှားရှိ ကားပြပွဲများ တွင် ဂေါ်ဒန်ကို သူ၏ P1800 နှင့်အတူ တွေ့လာရသည်။

 

 

P1800 ထုတ်လုပ်သော စက်ရုံကိုပင်လျှင် ဂေါ်ဒန်အား ခေါ်ယူပြသခဲ့ဖူးသည်။

ဂေါ်ဒန်က သူ၏ကားကို ကာလဤမျှကြာရှည် မည်သို့ ထိန်းသိမ်းခဲ့သနည်း။

ဂေါ်ဒန်သည် ကားပစ္စည်းအစိတ်အပိုင်းများကို ပုံမှန်လဲလှယ်လေ့ ရှိသည်။
သို့သော် အင်ဂျင်နှင့် Trasmission တို့မှာမူ မူရင်းအတိုင်း ဖြစ်သည်။

ကားစက်မနိုးတော့လျှင် ထိုကားအား စွန့်လွှတ်မည်လားဟု မေးရာတွင် ဂေါ်ဒန်က “အဲလိုမဟုတ်ပါဘူး။ ဒါမျိုး ဘယ်တော့မှ မဖြစ်ပါဘူး။ စက်မနိုးတော့ရင် ဘာကြောင့်လဲဆိုတာ အဖြေရှာမယ်။ ပြီးရင် အဲဒါကို ပြင်မယ်”ဟု ဖြေသည်။

ကမ္ဘာ့ခရီးမိုင်အများဆုံး မော်တော်ကားပိုင်ရှင် ဂေါ်ဒန်သည် ၂၀၁၈ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီ ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  World’s highest mileage car could have been driven to the moon 14 times  (supercarblondie)