• Home
  • Car News
  • တရုတ်ပြည်၏ EV နယ်သို့ ကူးပြောင်းမှုမှာ အလွန်လျင်မြန်လှရာ Volkswagen အတွက် တရုတ်ပြည်တွင် ရောင်းအားအနည်းဆုံး နှစ်ကာလနှင့် ရင်ဆိုင်ရလျက်ရှိ

တရုတ်ပြည်၏ EV နယ်သို့ ကူးပြောင်းမှုမှာ အလွန်လျင်မြန်လှရာ Volkswagen အတွက် တရုတ်ပြည်တွင် ရောင်းအားအနည်းဆုံး နှစ်ကာလနှင့် ရင်ဆိုင်ရလျက်ရှိ

  • 179 views

 

တရုတ်ပြည်သည် လျှပ်စစ်ကားများဆီသို့ လျင်မြန်စွာ ကူးပြောင်းလျက်ရှိရာတွင် ပြည်တွင်းထုတ် အမှတ်တံဆိပ်များက ဦးဆောင်လျက်ရှိသည်။

ထိုသို့သောအခြေအနေမျိုးတွင် Volkswagen ၏ တရုတ်ပြည်အတွင်းရောင်းအားမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရောင်းအားအနည်းဆုံးနှစ်ကာလနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း CNBC ၏ သုတေသနအရ တွေ့ရှိရသည်။

CNBC သည် အများပြည်သူသိရှိခွင့်ရနိုင်သော အချက်အလက်များကို အခြေခံကာ ၂၀၂၃ ခုနှစ်၊ ပထမ ၃ လ ပတ်ကာလ အချက်အလက်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။

CNBC က လေ့လာစမ်းစစ်ခဲ့သည်မှာ ကမ္ဘာကျော်အမှတ်တံဆိပ် ၁၀ ခုကို လေ့လာခဲ့ခြင်းဖြစ်ပြီး ထိုသို့သော အခြေအနေမျိုး ရင်ဆိုင်နေရသည်မှာ ဂျာမန်ကားကုမ္ပဏီကြီး Volkswagen တစ်ခုတည်းသာ မဟုတ်ချေ။

Nissan မှာလည်း ၂၀၀၉ ခုနှစ်နောက်ပိုင်း တရုတ်ပြည်တွင် ရောင်းအားအခြေအနေ အဆိုးရွားဆုံးနှစ် ဖြစ်လာ မည့် လမ်းကြောင်းပေါ်တွင်ရှိနေပြီး Hyundai မှာ ၂၀၀၉ နောက်ပိုင်း ရောင်းအားအနည်းဆုံး နှစ်ကာလနှင့် ရင်ဆိုင်နေရကြောင်း CNBC ၏ လေ့လာချက်များအရ တွေ့ရှိရသည်။

တရုတ်ပြည်တွင် Internal Combustion အင်ဂျင်များမှသည် စွမ်းအင်သစ်သုံးစွဲသော ယာဉ်များဆီသို့ လျင်မြန်စွာ ကူးပြောင်းခဲ့သည့်နောက်ပိုင်း ပြည်ပအမှတ်တံဆိပ်များ ရောင်းအားကျဆင်းမှု ရင်ဆိုင်လာရခြင်း ဖြစ်သည်။

ဘက်ထရီနှင့် Hybrid ကားတို့၏ ဈေးကွက် လျင်မြန်စွာ ကြီးထွားလာရာ Tesla နှင့် တရုတ်ပြည်တွင်းထုတ် အမှတ်တံဆိပ်များ လွှမ်းမိုးလာခဲ့သည်။

ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ရောင်းချထားရသော ကားသစ်များအနက် ၃ ပုံ ၁ ပုံကျော်မှာ လျှပ်စစ်ကားများဖြစ်ကြသည်။

China Passenger Car အသင်း၏ ခန့်မှန်းချက်အရ တရုတ်ပြည်တွင်း ကားဈေးကွက်သည် ၂၀ ရာခိုင်နှုန်း ကြီးထွားလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ဂျာမန်ထိပ်သီး ကားကုမ္ပဏီကြီး Volkswagen သည် တရုတ်ပြည်၏ လျှပ်စစ်ကားဈေးကွက်တွင် နေရာမရ ဖြစ်နေသည်။

ယခုနှစ်ဇူလိုင်လအတွင်း Volkswagen က တရုတ်ပြည်တွင် လျှပ်စစ်ကားမော်ဒယ် ၂ မျိုးကို EV ကုမ္ပဏီသစ် Xpeng နှင့် ပူးတွဲထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။

BYD မှာ လျင်မြန်စွာ အောင်မြင်မှု ရလာလျက်ရှိသည်။

ရှန်ကျန်းမြို့အခြေစိုက် BYD သည် ၂၀၂၂ ခုနှစ်အတွင်း ကားအစင်းရေ ၁ သန်းကျော်ရောင်းချခဲ့ရပြီး ယခုနှစ် တွင် အစင်းရေ ၂ ဒသမ ၅ သန်းခန့် ရောင်းချရမည့် လမ်းကြောင်းပေါ် ရောက်ရှိနေကြောင်း CNBC က ဖော်ပြ သည်။

တိုယိုတာသည် လျှပ်စစ်ကားနယ်ပယ်သို့ အကူးအပြောင်းဈေးကွက်တွင် ရုန်းကန်နေရပြီး ၂၀၂၀ နောက်ပိုင်း တရုတ်ပြည်တွင် ရောင်းအား အခြေအနေအဆိုးဆုံးကာလနှင့် ရင်ဆိုင်နေရကြောင်း CNBC က ဖော်ပြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  China’s transition to EVs is so fast that Volkswagen is on track for its worst local sales in years  (cnbc)