YBS အမှတ် (၁၄၄) ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲ
- 297 views
ယုဇနဥယျာဉ်မြို့တော်ကနေ သခင်မြပန်းခြံအထိပြေးဆွဲပေးမယ့် YBS အမှတ် (၁၄၄) ယာဉ်လိုင်းအသစ်ကို အခုနိုဝင်ဘာလ (၂၃) ရက်နေ့တွင် စတင်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ ခရီးသွားပြည်သူတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။ အဲဒီ YBS အမှတ်(၁၄၄)ယာဉ်လိုင်းအသစ်ဟာ (ပြည်စံသူ)အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က တာဝန်ယူပြေးဆွဲပေးမယ့် ယာဉ်လိုင်းလည်းဖြစ်ပါတယ်။
အခုပြေးဆွဲပေးတဲ့နေရာမှာ သတ်မှတ်ထားတဲ့ယာဉ်လမ်းကြောင်းအတိုင်း (ယုဇနဥယျာဉ်မြို့တော် - သိမ်ချောင်း- ဆောက်လုပ်ရေး - တောင်မြောက်လမ်းဆုံ - သုဝဏ္ဏဈေး - သုဝဏ္ဏလမ်းဆုံ - တာမွေဗလီ - ရွှေဂုံတိုင် - မြေနီကုန်း - အောက်ကြည့်မြင်တိုင်လမ်း - သခင်မြပန်းခြံ) အထိဂိတ်စ - ဂိတ်ဆုံးပြေးဆွဲပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့အောက်မှ အများနဲ့သက်ဆိုင်သောကုမ္ပဏီ (၂၁) ခုကနေပြီးတော့ ယာဉ်လိုင်းပေါင်း(၁၄၅)လိုင်းက ယာဉ်အစီးရေ (၃၇၀၀) နဲ့ ခရီးသည် (၁) သန်းကျော်ကို ဝန်ဆောင်မှုပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com