• Home
  • Car News
  • ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို လေဆိပ်သို့ အမြန်မောင်းပို့ပေးသည့် အငှားယာဉ်မောင်းတစ်ဦး ယူရို ၁၀၀၀ (မြန်မာငွေ ၂၂ သိန်း) ဘောက်ဆူးရ

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို လေဆိပ်သို့ အမြန်မောင်းပို့ပေးသည့် အငှားယာဉ်မောင်းတစ်ဦး ယူရို ၁၀၀၀ (မြန်မာငွေ ၂၂ သိန်း) ဘောက်ဆူးရ

  • 342 views

 

ထိုင်းနိုင်ငံတွင် အငှားယာဉ်မောင်းတစ်ဦးသည် ကမ္ဘာလှည့်ခရီးသည်တစ်ဦးကို လေဆိပ်တစ်ခုသို့ မှားယွင်း ပို့ဆောင်ခဲ့သည်။

အလျင်လိုနေသော ထိုခရီးသည်က ၎င်းသွားလိုသောလေဆိပ်သို့ အချိန်မီပို့ဆောင်ပေးပါက အပိုဆုပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါယာဉ်မောင်းက ခရီးသည်သွားလိုသောနေရာကို မိနစ် ၃၀ အောက်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

ထိုကမ္ဘာလှည့်ခရီးသည်က ယာဉ်မောင်းအား ယူရို ၅၀၀ တန် ၂ ရွက် (မြန်မာငွေ ၂၂ သိန်း) ထုတ်ပေးခဲ့ရာ ယာဉ်မောင်းမှာ အံ့သြတုန်လှုပ်သွားခဲ့သည်။

(မှတ်ချက်။ နိုဝင်ဘာ ၁၆ ရက် သတ်မှတ်ငွေလဲနှုန်း ၁ ယူရိုလျှင် မြန်မာကျပ်ငွေ ၂၂၈၀ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

ထိုခရီးသည်က ပြန်အမ်းငွေ မပေးရန်ပြောကာ ထွက်သွားခဲ့သည်။
အမှန်တကယ်ကျသင့်သော ကားခမှာ ဘတ်ငွေ ၆၇၇ (မြန်မာကျပ်ငွေ ၄၀,၀၀၀) မျှသာ ဖြစ်သည်။

(မှတ်ချက်။ နိုဝင်ဘာ ၁၆ ရက်သတ်မှတ်ငွေလဲနှုန်း ထိုင်း ၁ ဘတ်လျှင် မြန်မာကျပ်ငွေ ၅၉ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်)

လူမှုကွန်ရက်တွင် အဆိုပါဖြစ်ရပ်မှာ အစစ်အမှန်ဟုတ်၊ မဟုတ် သံသယဖြစ်ကြောင်း မှတ်ချက်ပြုသူများ ရှိသော်လည်း အဆိုပါယာဉ်မောင်းက သူရရှိခဲ့သောငွေများကို သက်သေအဖြစ် ထုတ်ပြခဲ့သည်။

အငှားယာဉ်မောင်းက ဒွန်မောင်းလေဆိပ်သို့ ပို့ပေးခဲ့သော်လည်း ကမ္ဘာလှည့်ခရီးသည်သွားလိုသည်မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ သွားလိုခြင်းဖြစ်သည်။

Google Maps တွင် ဖော်ပြချက်အရ အဆိုပါ လေဆိပ် ၂ ခုမှာ ၄၅ ကီလိုမီတာသာ ဝေးကွာပြီး မော်တော်ကား ဖြင့် ၃၇ မိနစ်ခရီးသာ ဝေးကွာသည်။

ကမ္ဘာလှည့်ခရီးသည်က ၎င်းအား သုဝဏ္ဏဘူမိလေဆိပ်သို့ မိနစ် ၃၀ အတွင်း အရောက်မောင်းပေးလျှင် ကားခ အထူးပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ယာဉ်မောင်းလည်း သဘောတူခဲ့သည်။

ယာဉ်မောင်းက ပြောပြသည်မှာ ခရီးသည်အနေဖြင့် မိမိအားပေးခဲ့သည့်ငွေထက် ပိုမိုတန်ကြေးကြီးမည်ဖြစ်သော စီးပွားရေးဆိုင်ရာ ကိစ္စများကြောင့် လေယာဉ်ခရီးစဉ်အမီသွားလိုခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

မိမိအား မည်မျှပေးမည်ကို ယာဉ်မောင်းက မသိခဲ့သည့်အပြင် မည်သည့်တောင်းဆိုမှုမှလည်း မလုပ်ခဲ့ဘဲ တက္ကစီမီတာဖြင့်သာ ပုံမှန်အနေအထားအတိုင်း မောင်းခဲ့သည်။

Google Maps တွင် တွေ့ရသည့်အတိုင်းဆိုလျှင် ယာဉ်ကြောကြပ်သော လမ်းကြောင်းဖြစ်ရာ ယာဉ်မောင်း အတွက် မလွယ်ကူလှ။

သို့သော် ကံကောင်းထောက်မစွာဖြင့် လမ်းမကြီးမှာ ကားမကြပ်သောကြောင့် သုဝဏ္ဏဘူမိလေဆိပ်သို့ အချိန်မီရောက်ရှိသွားခဲ့သည်။

ကားခမှာ ၆၇၇ ဘတ်သာ ကျသင့်သော်လည်း ခရီးသည်က ယာဉ်မောင်းအား ယူရို ၅၀၀ တန် ၂ ရွက် ထုတ်ပေးကာ “ပိုငွေ မင်းကို ပေးတယ်”ဟု ပြောကာ လေယာဉ်ပေါ်သို့ တက်ရန် ထွက်ခွာသွားခဲ့သည်။

ထိုဖြစ်ရပ်ကို ယာဉ်မောင်းက ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး သူရရှိခဲ့သော ယူရို ၅၀၀ တန် ၂ ရွက်ကို တက္ကစီမီတာ ရှေ့တွင်ထားကာ ဓာတ်ပုံရိုက်ထားသော ဓာတ်ပုံကိုလည်း တင်ခဲ့သည်။

တက္ကစီမီတာတွင် ၆၇၇ ဘတ်ကျသင့်ကြောင်း ပြသထားသည်ကို တွေ့ရသည်။

 

 

(ဓာတ်ပုံ-Facebook)

 

လူမှုကွန်ရက်သုံးစွဲသူအချို့က ယူရို ၅၀၀ တန်မှာ အတုဖြစ်နိုင်ကြောင်း ပြောကြပြီး တစ်ဦးကမူ ယူရို ၅၀၀ တန်ကို ရိုက်နှိပ်ထုတ်ဝေတော့ခြင်း မရှိတော့ကြောင်း မှတ်ချက်ပြုမှုများရှိသည်။

သို့သော် ယာဉ်မောင်းက ၎င်းရရှိသော ယူရို ၁၀၀၀ ကို ထိုင်းငွေဖြင့် လဲလှယ်ခဲ့ရာ ဘတ်ငွေ ၃၇၆၀၀ ရရှိ ထားသော ဖြတ်ပိုင်းကို လူမှုကွန်ရက်တွင် တင်ခဲ့သည်။

 

 

(ဓာတ်ပုံ-Facebook)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Thai Taxi Driver Gets Paid S$1.4K For Rushing Foreigner To Airport, Ride Fare Only S$25  (mustsharenews)