- Home
- Car News
- Rivian R1T ကားပိုင်ရှင်က ၁၅ လအတွင်း မိုင်ပေါင်း ၂၄၀၀၀ မောင်းနှင်ခဲ့ပြီးနောက် ကားကုမ္ပဏီက အသစ်ဈေးအတိုင်းပေးကာ ပြန်လည်ဝယ်ယူ
Rivian R1T ကားပိုင်ရှင်က ၁၅ လအတွင်း မိုင်ပေါင်း ၂၄၀၀၀ မောင်းနှင်ခဲ့ပြီးနောက် ကားကုမ္ပဏီက အသစ်ဈေးအတိုင်းပေးကာ ပြန်လည်ဝယ်ယူ
- 294 views
River R1T သည် Adventure Truck အဖြစ် ဈေးကွက်သို့ ပို့ခဲ့ခြင်းဖြစ်သော်လည်း အချို့ကမူ အလုပ်အတွက် သုံးရန် ပစ်ကပ်အဖြစ် သုံးကြသည်။
မစ်ချ် ဒမ်ကီ (Mitch Dumke) ဆိုသည့် အမျိုးသားမှာလည်း ထိုသို့သောသူများတွင် အပါအဝင်ဖြစ်သည်။
ဒမ်ကီက YouTube တွင် 24000 Mile Rivian R 1 T Review before repurchase ဟူသောအမည်ဖြင့် ၂၂ မိနစ် ၁၀ စက္ကန့်ကြာ ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ခဲ့ရာ ယခုသတင်းရေးသားချိန် နိုဝင်ဘာ ၁၉ ရက်အထိ ကြည့်ရှုမှု အကြိမ်ရေ 24k ရှိနေပြီ ဖြစ်သည်။
ဒမ်ကီက ထိုကားကို လွန်ခဲ့သော ၁၅ လက ဝယ်ယူခဲ့ခြင်းဖြစ်သည်။အသုံးအဆောင်ပစ္စည်းကိရိယာများ သယ်ဆောင်ရေးအတွက် နောက်တွဲများဆွဲခြင်းအပါအဝင် ဤလျှပ်စစ် ထရပ်ကားကို ဘက်စုံသုံးခဲ့သည်။
ဒမ်ကီ၏ ပြောကြားချက်အရ R1T သည် ပြီးပြည့်စုံခြင်းမရှိသော်လည်း သူ့အတွက် အလွန်အလုပ်ဖြစ်သော ထရပ်ကားတစ်စီး ဖြစ်ခဲ့သည်။
ဒမ်ကီပိုင်ဆိုင်ထားသည့် ကာလအတွင်း ယာဉ်မောင်းစနစ် (သို့မဟုတ်) ပါကင်ဘရိတ်ချို့ယွင်းမှုတို့ကြောင့် ကားကို မကြာခဏ ဆွဲယူခဲ့ရဖူးသည်။
ဗွီဒီယိုဖိုင်ထဲတွင် ဒမ်ကီက အကြိမ်ပေါင်းများစွာ တဖွဖွ ထုတ်ဖော်ပြောကြားခဲ့သည့်အချက်မှာ ကားစက်ပျက် သွားသည့်အချိန်တိုင်း Rivian ၏ Customer Servies ဌာနမှ ဝန်ဆောင်မှုမှာ အံ့မခန်းဖြစ်ကြောင်း ၊ Rivian ကုမ္ပဏီဘက်မှ ထရပ်ကားတစ်စီးဖြင့် ဆွဲယူပေးရန် ချက်ချင်းစီစဉ်ပေးကြောင်း ၊ မိမိအိမ်ပြန်ရန်အတွက်လည်း Uber သို့မဟုတ် Lyft အငှားယာဉ်တစ်စီးစီ စီစဉ်ပေးကြောင်း ပြောသည်။
ဒမ်ကီက ပြောသည်မှာ ဤကားမှာ မကြာခဏပျက်ကြောင်း ၊ ၃ လ (သို့မဟုတ်) ၄ လတာကာလအတွင်း ကားငှားပြန်ခဲ့ရသည်မှာ ၄၅ ရက်ခန့်ရှိကြောင်း ပြောသည်။
ထိုအခြေအနေများကြောင့် ဒမ်ကီက သူ့ကားအပေါ် ယုံကြည်ချက်ပျောက်ဆုံးသွားခဲ့သည်။
ထို့ကြောင့် ဒမ်ကီက မိမိ၏ R1T အား ဈေးနှုန်းအပြည့်အဝပေးကာ ပြန်လည်ဝယ်ယူပေးရန် ကုမ္ပဏီနှင့် ဆွေးနွေးခဲ့ရာ သဘောတူညီချက် ရရှိခဲ့သည်။
အဘယ်ကြောင့်ဆိုလျှင် ကားပြင်ဆင်သည့် အချိန်တိုင်းတွင် ကား၏ ပြဿနာကို ဖြေးရှင်းမပေးနိုင်သောကြောင့် ဖြစ်သည်။
သို့တိုင် ဒမ်ကီက Rivian ၏ လျှပ်စစ် ပစ်ကပ်ကားကို ထောက်ခံမှု ပေးနေဆဲဖြစ်သည်။
ဒမ်ကီက ပြောသည်မှာ မိမိ၏ ဖြစ်ရပ်မှာ သီးခြားဖြစ်ရပ်တစ်ခုသာဖြစ်ကြောင်း ၊ ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ အမှားများမှ သင်ယူလေ့လာနေဆဲဖြစ်ကြောင်း ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Rivian R1T Owner Drove 24,000 Miles In 15 Months. Now, Rivian Is Buying It Back (insideevs)