• Home
  • Car News
  • Volvo ရဲ့ အကြီးအကဲတစ်ဦး အလုပ်သွားရာမှာ ဘာကြောင့် Tesla Model Y ကို စီးတာလဲ

Volvo ရဲ့ အကြီးအကဲတစ်ဦး အလုပ်သွားရာမှာ ဘာကြောင့် Tesla Model Y ကို စီးတာလဲ

  • 297 views

Volvo ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး (R & D) ဌာနအကြီးအကဲဖြစ်သူ Anders Bell သည် ဆွီဒင် သတင်းစာတစ်စောင်နှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့သည်။

Anders Bell သည် ယခင်က Tesla ၏ အင်ဂျင်နီယာဌာန အကြီးတန်း ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ လည်း ဖြစ်သည်။

တွေ့ဆုံမေးမြန်းခန်းတွင် Anders Bell က Tesla နှင့် Volvo တို့တွင် အလုပ်လုပ်ကိုင်ရပုံများနှင့် ရယ်ရွှင်ဖွယ် အတွေ့အကြုံတို့ကို ပြောပြခဲ့သည်။

 

Anders Bell သည် Volvo တွင် ၁၉၉၈ ခုနှစ်၌ စတင်လုပ်ကိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် Tesla သို့ အင်ဂျင်နီယာဌာန အကြီးတန်းဒါရိုက်တာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အမေရိကန်ပြည် ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဖရီးမွန့်မြို့နှင့် ဂျာမနီနိုင်ငံ ဘာလင်မြို့ပြင်ရှိ Tesla ၏ စက်ရုံတို့တွင် ၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလတွင် Volvo သို့ ပြန်လည်ရောက်ရှိလာသည်။

 

Volvo တွင် လက်ရှိတာဝန်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ရှုပ်ထွေးမှုတို့ကို လျှော့ချရန် ဖြစ်သည်။

တွေ့ဆုံမေးမြန်းခန်းတွင် Anders Bell က ပြောသည်မှာ Volvo အနေဖြင့် Tesla ထံမှ လေ့လာသင်ယူခဲ့ ရခြင်းများရှိကြောင်း ပြောသည်။

သို့သော် Tesla အတိုင်း ဥရောပတွင် ပုံတူကူးရန် မဖြစ်နိုင်ကြောင်း ပြောသည်။

 

Anders Bell တွင် Volvo နှင့် Tesla တို့ တစ်စီးစီ ပိုင်ဆိုင်ထားသည်။
Tesla တွင် အလုပ်လုပ်ခဲ့ချိန်က Model Y တစ်စင်း ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

The Gothenburg Post သတင်းဌာနသို့ Anders Bell က ပြောသည်မှာ Volvo ၏ လျှပ်စစ်ကားများဆီသို့ ကူးပြောင်းခြင်းကို ပုံနှိပ်နှင့် ဒစ်ဂျစ်တယ် ၂ မျိုးစလုံး ထုတ်ဝေသော သတင်းစာတစ်စောင်နှင့် နှိုင်းယှဉ်နိုင် ကြောင်း ပြောသည်။

Tesla ကဲ့သို့ ကုမ္ပဏီများမှာ ပုံနှိပ်ကဏ္ဍကို လုံးဝကျောခိုင်းလိုက်ပြီး ဒစ်ဂျစ်တယ်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားသည့် သတင်းစာနှင့်တူကြောင်းလည်း ၎င်းကပြောသည်။

 

 

သို့သော် Tesla အတိုင်း ထပ်တူပုံတူကူးရန်မှာ အကောင်းဆုံး မဟာဗျူဟာမဟုတ်နိုင်ကြောင်းလည်း Anders Bell က ပြောသည်။

“ကယ်လီဖိုးနီးယားက အလေ့အထမျိုးကို ဥရောပမှာ အကုန်ပုံတူကူးလို့ မရနိုင်ပါဘူး။ အဲဒီမှာက အလုပ်သမား ဥပဒေတွေနဲ့ တမူထူးတဲ့ ဝန်းကျင်မျိုး ရှိပါတယ်။ အထင်ကြီးစရာကောင်းတဲ့ ဝန်းကျင်တစ်ခုပါပဲ။ ဒါပေမဲ့ ပုံတူကူး ဖို့ဆိုတာမှာ သတိထားရပါမယ်။ ကျွန်တော်တို့နဲ့ သဟဇာတ မဖြစ်နိုင်ပါဘူး။”

တွေ့ဆုံမေးမြန်းခန်းတွင် Anders Bell က ပြောခဲ့သည်မှာ Volvo သို့ အလုပ်သွားရာတွင် မိမိ၏ Tesla ကားကို အမှတ်မထင် မောင်းသွားမိခဲ့ကြောင်း ပြောသည်။

 

 

Anders Bell က သူ၏ Volvo ရုံးသို့ Tesla ထုတ်မော်တော်ကားဖြင့် သွားခဲ့ပုံကို အွန်လိုင်းအသုံးပြုသူတို့က ကားမှားစီးခြင်းဖြစ်ရမည်ဟု အရွှန်းဖောက်ခဲ့ကြသည်။

ထိုသို့ ဖြစ်ရပ်မှာ သာမန်ဝန်ထမ်းများအတွက် မထူးဆန်းသော်လည်း ဌာနအကြီးအကဲတစ်ဦးအတွက်မူ ပြက်ရယ်ပြုဖွယ် ဖြစ်နေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  This Volvo Exec Drives a Tesla To Work and There Is a Reason for It  (autoevolution)