- Home
- Car News
- ဆွီဒင်ကားကုမ္ပဏီ Volvo က အမေရိကန်ကုမ္ပဏီ Proterra ၏ ဘက်ထရီထုတ်လုပ်မှုလုပ်ငန်းကို ကန်ဒေါ်လာ သန်း ၂၁၀ ဖြင့် ဝယ်ယူ
ဆွီဒင်ကားကုမ္ပဏီ Volvo က အမေရိကန်ကုမ္ပဏီ Proterra ၏ ဘက်ထရီထုတ်လုပ်မှုလုပ်ငန်းကို ကန်ဒေါ်လာ သန်း ၂၁၀ ဖြင့် ဝယ်ယူ
- 99 views
ဆွီဒင်ကားကုမ္ပဏီကြီး Volvo Group သည် အမေရိကန်ကုမ္ပဏီ Proterra ၏ ဘက်ထရီထုတ်လုပ်မှု လုပ်ငန်း ကို ဝယ်ယူရန် ဆောင်ရွက်နေကြောင်း Volvo က ထုတ်ပြန်ကြေညာသည်။
အမေရိကန် လျှပ်စစ်ဘတ်စ်ကားနှင့် ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီကြီး Proterra က အမေရိကန်တွင် အခန်း ၁၁ ဒေဝါလီခံမှု အကာအကွယ်ပေးရေးလျှောက်ထားခဲ့ပြီး လအနည်းငယ်အကြာတွင် Volvo ၏ ဝယ်ယူမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ယခုအရောင်းအဝယ်ကို လာမည့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းတွင် အပြီးသတ်ဆောင်ရွက်နိုင်ရန် နှစ်ဦးနှစ်ဘက်တို့က မျှော်မှန်းထားသည်။
သို့သော် ယခုအရောင်းအဝယ်အတွက် အတည်ပြုခွင့်ပြုချက်များစွာ လိုအပ်နေသေးရာ ဒေဝါလီ တရားရုံး၏ ခွင့်ပြုချက်လည်း အပါအဝင် ဖြစ်သည်။
အကယ်၍ ခွင့်ပြုချက်များ ရရှိခဲ့မည်ဆိုပါက Volvo သည် Proterra ၏ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဘက်ထရီ မော်ဂျူးများ၊ အိုးခွံများ ထုတ်လုပ်ရေးစက်ရုံနှင့် တောင်ကာရိုလိုင်းနားရှိ ဘက်ထရီတပ်ဆင်ရေး စက်ရုံများကို ဝယ်ယူသွားမည် ဖြစ်သည်။
တောင်ကာရိုလိုင်းနားရှိ ဘက်ထရီတပ်ဆင်ရေးစက်ရုံမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကမှ ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
သဘောတူညီထားသည့် အရောင်းအဝယ်ဈေးနှုန်းမှာ ကန်ဒေါ်လာ သန်း ၂၁၀ ဖြစ်သည်။
Volvo က Proterra ၏ လုပ်ငန်းများကို ၎င်းတို့အုပ်စု၏ ဖွဲ့စည်းပုံနှင့် မည်သို့မည်ပုံပေါင်းစပ်မည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ EV နဲ့ ဘက်ထရီနည်းပညာတွေဟာ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် စံချိန်တစ်ခု ရှိခဲ့ပေမဲ့ ဈေးကွက်နဲ့ မက်ကရိုစီးပွားရေး အဟန့်အတားတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါတွေက အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်စွမ်း ထိခိုက်ခဲ့ပါတယ်”ဟု Proterra ၏ စီအီးအို ဂါရက်သ် ဂွိုက်စ်က ပြောခဲ့သည်။
Proterra သည် ၂၀၂၂ ခုနှစ် နွေရာသီတွင် ဟာ့ဒ်ဝဲပိုင်းနှင့် အဟန့်အတားများ ကြုံခဲ့ရပြီး ပစ္စည်းအစိတ်အပိုင်း များ ရရှိနိုင်မှု အခက်အခဲမှာ အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ဒေဝါလီခံမှု ကာကွယ်ပေးရေး အခန်း ၁၁ လျှောက်ထားခြင်းမှာ ကုမ္ပဏီတစ်ခု အား ကြွေးရှင်များက တရားစွဲခြင်းမျိုးမှ ကာကွယ်ပေးခြင်း ၊ ကုမ္ပဏီပြန်လည်ဖွဲ့စည်းမှု ပြုလုပ်ခွင့်ပေးခြင်း ဖြစ်သည်။
၂၀၀၉ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း ကမ္ဘာကျော် မော်တော်ကား ကုမ္ပဏီကြီး General Motors သည်လည်း အခန်း ၁၁ ဒေဝါလီခံမှု အကာအကွယ်ပေးရေး လျှောက်ထားခဲ့ဖူးသည်။
Proterra သည် ၂၀၂၁ ခုနှစ်တွင် ရှယ်ယာများ စတင်ရောင်းချကာ အများပိုင်ကုမ္ပဏီ ဖြစ်လာခဲ့သည်။
ထိုအချိန်က ကုမ္ပဏီ၏ တန်ကြေးမှာ ကြွေးမြီများအပါအဝင် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ကြေးရှိ ခဲ့သည်။
ဒေဝါလီခံမှု မကြေညာမီ ရှယ်ယာအရောင်းအဝယ် ပိတ်လိုက်ချိန်တွင် Proterra ၏ ဈေးကွက်တန်ကြေးမှာ ကန်ဒေါ်လာ ၃၆၂ သန်း ရှိနေဆဲ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Volvo Group buys Proterra (electrive)