• Home
  • Car News
  • Hyundai က တောင်ကိုရီးယားတွင် တစ်နှစ်လျှင် EV အစင်းရေ ၂၀၀၀၀၀ ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ခုကို ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ သုံးစွဲကာ တည်ထောင်မည်

Hyundai က တောင်ကိုရီးယားတွင် တစ်နှစ်လျှင် EV အစင်းရေ ၂၀၀၀၀၀ ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ခုကို ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ သုံးစွဲကာ တည်ထောင်မည်

  • 241 views

 

Hyundai Motor ကုမ္ပဏီသည် ဓာတ်ဆီကားများနှင့် လမ်းခွဲမှု အရှိန်မြင့်တင်လာလျက်ရှိရာ တောင်ကိုရီးယား တွင် EV ကားများထုတ်လုပ်မည့် စက်ရုံတစ်ခုကို ဝမ်ငွေ ၂ ထရီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၅၂ ဘီလီယံ) သုံးစွဲကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သော တနင်္လာနေ့က ကြေညာလိုက်သည်။

ရောင်းအားပမာဏအရ ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံး ကုမ္ပဏီဖြစ်သော Hyundai Motor သည် ၎င်း၏ မိတ်ဖက်ကုမ္ပဏီ Kia Corp နှင့် ပူးပေါင်းကာ အဆိုပါစက်ရုံမှ ၂၀၂၆ ခုနှစ် ပထမ ၃ လပတ်မှ စတင်ပြီး EV များ အလုံးအရင်း ထုတ်လုပ်ရန် စီစဉ်ထားသည်။

စက်ရုံဆောက်လုပ်မှုမှာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ်မည်ဟု မျှော်မှန်းထားသည်။

တောင်ကိုရီးယားနိုင်ငံ ၊ အရှေ့တောင်ပိုင်း Ulsan မြို့တွင် တည်ရှိသော စက်ရုံမှ တစ်နှစ်လျှင် ကားအစင်းရေ ၂၀၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိမည် ဖြစ်သည်။

Hyundai က ပြောသည်မှာ ပထမဆုံး ထုတ်လုပ်မည့် မော်ဒယ်မှာ Genesis SUV လျှပ်စစ်ကား ဖြစ်မည်ဟု ဆိုသည်။

Hyundai Motor Group သည် Hyundai Motor ၊ Kia နှင့် Genesis အမှတ်တံဆိပ်များ ပေါင်းစည်းထားသည်။

ယခုနှစ် ဧပြီလအတွင်း Hyundai Motor က ပြောခဲ့သည်မှာ ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် EV မော်ဒယ် ၃၁ မျိုး ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ပြောသည်။

“Ulsan ဟာ မော်တော်ကားရှေ့ဆောင်မြို့တစ်ခုဖြစ်လာပြီး လျှပ်စစ်ကားအသွင်ပြောင်းတဲ့ခေတ်မှာ ဦးဆောင် လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု Hyundai Motor ၏ အမှုဆောင်ဥက္ကဌ Euisun Chung က စက်ရုံ အုတ်မြစ်ချပွဲ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါ စက်ရုံသည် ၂၉ နှစ်တာကာလအတွင်း Hyundai Motor ၏ တောင်ကိုရီးယားတွင် ပထမဆုံး စက်ရုံသစ်လည်း ဖြစ်သည်။

Ulsan မြို့ရှိ ကားစက်ရုံဝန်းမှာ Hyundai Motor ၏ အကြီးမားဆုံး ကားထုတ်လုပ်ရေးနေရာ ဖြစ်ပြီး ကိုယ်ပိုင် ဆိပ်ကမ်းတစ်ခု ပါဝင်ကာ တစ်နှစ်လျှင် ကားမျိုးစုံ ၁ ဒသမ ၄ သန်း ထုတ်လုပ်နိုင်စွမ်း ရှိသည်။

Hyundai Motor က ပြောသည်မှာ မိမိတို့၏ EV အလုံးအရင်း ထုတ်လုပ်မည့် အစီအစဉ်များကို မပြောင်းလဲ ကြောင်း ၊ ပြိုင်ဘက်ကုမ္ပဏီများမှာမူ အဝယ်အေးနေသောကြောင့် EV ထုတ်လုပ်မှုများ လျှော့ချနေကြောင်း ပြောသည်။

ပြီးခဲ့သောနှစ်အတွင်းကလည်း Hyundai Motor သည် အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာပြည်နယ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၅၄ ဘီလီယံ ကုန်ကျမည့် EV နှင့် ဘက်ထရီစက်ရုံတစ်ခု စတင်ဆောက်လုပ်ခဲ့သည်။

EV စက်ရုံများ ဆက်လက်ဆောက်လုပ်ရန် ရှိမရှိ မေးမြန်းခဲ့ရာတွင် Hyundai Motor ၏ စီအီးအို Jaehoon Chang က လက်ရှိအားဖြင့် အမေရိကန်နှင့် ပြည်တွင်းရှိ စက်ရုံများ အပေါ်တွင်သာ အာရုံစိုက်ထားကြောင်း သတင်းထောက်များကို ပြောသည်။

Hyundai Motor အနေဖြင့် EV ဈေးကွက်ကို စောင့်ကြည့်နေကြောင်း ၊ အားသွင်း အခြေခံအဆောက်အအုံများ နည်းပါးသေးသည့် ပြဿနာ ရှိသော်လည်း ဈေးကွက်လားရာမှာ ကောင်းမွန်သည်ဟု ယုံကြည်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Hyundai Breaks Ground on Plant to Build 200,000 EVs a Year (bloomberg)