• Home
  • Car News
  • Tesla က ဂျာမနီတွင် တန်ဖိုးသင့် Model 2 ထုတ်လုပ်မည်ဟုဆို

Tesla က ဂျာမနီတွင် တန်ဖိုးသင့် Model 2 ထုတ်လုပ်မည်ဟုဆို

  • 131 views


Tesla သည် ဂျာမနီနိုင်ငံတွင် ကားထုတ်လုပ်ရန် စီစဉ်နေကြောင်း autoevolution သတင်းတစ်ရပ်တွင် ဖော်ပြ သည်။

Model 2 (တရားဝင် အမည် မသတ်မှတ်ရသေး) ဟု ခေါ်သော အဆိုပါကားကို ဂျာမနီရှိ Giga Berlin စက်ရုံမှ ထုတ်လုပ်သွားမည်ဟု ဆိုသည်။

Tesla ၏ စီအီးအို Elon Musk သည် တန်ဖိုးသင့် Tesla ကားတစ်စင်း ထုတ်လုပ်ရန် ပြောဆိုနေသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။

 

Model 2 ဟု ခေါ်ဆိုဖွယ်ရှိသော ယခုထုတ်လုပ်မည့် EV နှင့် စပ်လျဉ်းပြီး တရားဝင်အချက်အလက်များ မထုတ်ပြန်သေးချေ။

Model 2 မှာ အခွန်မဆောင်မီတန်ကြေး ယူရို ၂၅၀၀၀ (ကန်ဒေါ်လာ ၂၆၈၀၄) ဝန်းကျင် ဖြစ်ဖွယ်ရှိသည်။

Elon Musk သည် မကြာသေးမီက Giga Berlin စက်ရုံသို့ သွားရောက်ခဲ့ပြီး အဆိုပါ EV ကို ထိုစက်ရုံတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

သို့သော် မည်သည့်ကာလတွင် ထုတ်လုပ်မည်ဟူသော အချက်အလက်များ Elon Musk က မပြောခဲ့ချေ။

 

 

Tesla ၏ Giga Berlin စက်ရုံသည် ဘာလင်မြို့အနီးတွင် တည်ရှိပြီး လက်ရှိအားဖြင့် ဥရောပ၏ အရောင်းရဆုံး EV ဖြစ်သော Model Y crossover ကို ထုတ်လုပ်လျက်ရှိသည်။

ထို့ကြောင့် Model 2 သည် Tesla ၏ ဥရောပတွင် ထုတ်လုပ်သော ဒုတိယမြောက် ကားတစ်စင်းဖြစ်လာမည် ဖြစ်သည်။

အဆိုပါ စက်ရုံမှ လက်ရှိအားဖြင့် ကားအစင်းရေ မည်မျှထုတ်လုပ်နေသည်ကို မသိရချေ။

 

 

သို့သော် ယခုနှစ်မတ်လအတွင်းကမူ စက်ရုံကိုယ်စားလှယ်တို့က ပြောသည်မှာ တစ်ပတ်လျှင် ကားအစင်းရေ ၅၀၀၀ ထုတ်လုပ်နေကြောင်း ပြောကြားရာ တစ်နှစ်တာထုတ်လုပ်မှုမှာ ကားအစင်းရေ ၂၅၀၀၀၀ ဝန်းကျင် ဖြစ်ဖွယ်ရှိသည်။

Elon Musk သည် ဗြိတိန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် ဂျာမနီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်တွင် ဝန်ကြီးချုပ် ရီရှီဆူးနက်နှင့် AI နည်းပညာ၏ အနာဂတ်အကြောင်း ဆွေးနွေးခဲ့သည်။

 

Tesla ၏ တန်ဖိုးသင့် Model 2 သည် ဈေးသက်သာသော တရုတ်ကားများနှင့် ဈေးကွက်ယှဉ်ပြိုင်မည် ဖြစ်သည်။

JATO Dynamics က ပြုလုပ်ခဲ့သော သုတေသနအရ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တာ ကာလအတွင်း ဥရောပတွင် ရောင်းချခဲ့သော လျှပ်စစ်ကားတို့၏ ပျမ်းမျှဈေးနှုန်းမှာ ယူရို ၆၅၀၀၀ ကျော်  (ကန်ဒေါ်လာ ၆၉၆၆၂) ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိအားဖြင့် Tesla ၏ တန်ဖိုးအနည်းဆုံးမှာ Model 3 ဖြစ်ပြီး ဂျာမနီတွင် ရောင်းချသော ဈေးနှုန်းမှာ ၄၂၉၉၀ ယူရို (ကန်ဒေါ်လာ ၄၆၀၇၇) ဖြစ်သည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Tesla's Most Affordable Car, the Model 2, Will Reportedly Be Built in Germany (autoevolution)