- Home
- Car News
- CATL ဘက်ထရီကုမ္ပဏီက ၁၀ မိနစ် အားသွင်းရုံဖြင့် ၈၀ ရာခိုင်နှုန်းအထိ အားပြည့်နိုင်ကာ ၇၀၀ ကီလိုမီတာ မောင်းနိုင်မည့် Shenxing Superfast ဘက်ထရီကို မိတ်ဆက်
CATL ဘက်ထရီကုမ္ပဏီက ၁၀ မိနစ် အားသွင်းရုံဖြင့် ၈၀ ရာခိုင်နှုန်းအထိ အားပြည့်နိုင်ကာ ၇၀၀ ကီလိုမီတာ မောင်းနိုင်မည့် Shenxing Superfast ဘက်ထရီကို မိတ်ဆက်
- 169 views
တရုတ်နိုင်ငံမှ ဘက်ထရီထုတ်လုပ်သူ CATL သည် Shenxing Superfast ဘက်ထရီကို မိတ်ဆက်ကာ EV နည်းပညာနယ်တွင် ၎င်းတို့၏ နောက်ဆုံးအောင်မြင်မှုကို ချပြလိုက်သည်။
အဆိုပါ နောက်ဆုံးပေါ် အဆင့်မြင့်ဘက်ထရီသည် ၁၀ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားဝင်နိုင်ကာ ကီလိုမီတာ ၇၀၀ ခန့်အထိ မောင်းနှင်နိုင်သော အထင်ကြီးလောက်ဖွယ် အရည်အသွေးရှိသည်။
CATL ၏ ယခုဘက်ထရီ ချပြလိုက်မှုမှာ ကားလုပ်ငန်းနယ်ပယ်တွင် ဂယက်ရိုက်သွားခဲ့သည်။
EV ကားများ ဝယ်ယူကြရာတွင် မောင်းနှင်နိုင်မည့် ခရီးအကွာအဝေးနှင့် အားသွင်းရမည့် အချိန်ကာလတို့အပေါ် အဓိကအားဖြင့် စိုးရိမ်ပူပန်တတ်ကြရာ ယခုဘက်ထရီမှာ အဆိုပါ ပြဿနာ ၂ ခုလုံးကို ဖြေရှင်းပေးထားသည်။
CATL ၏ ဘက်ထရီတွင် အဆင့်မြင့် Lithium-ion နည်းပညာကို အသုံးပြုထားသောကြောင့် ပိုမိုလျင်မြန်စွာ အားသွင်းနိုင်ပြီး ပိုမိုကောင်းမွန်သော စွမ်းအင် သိပ်သည်းဆ ရှိသည်။
အားတစ်ကြိမ်သွင်းထားလျှင် ကီလိုမီတာ ၇၀၀ အထိ မောင်းနှင်နိုင်မည်ဖြစ်ရာ EV ပိုင်ရှင်တို့အနေဖြင့် ခရီးဝေး သွားကြရာတွင် အားသွင်းစခန်းများ ရှာဖွေရသည့် ဒုက္ခ မရှိတော့ချေ။
ထို့အပြင် ၁၀ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်းအထိ အားပြည့်နိုင်ရာ အားသွင်းစခန်းများတွင် စောင့်ဆိုင်းနေရသည့် အချိန်ကာလ များစွာ လျှော့ချနိုင်မည်ဖြစ်သောကြောင့် EV များ အသုံးပြုရာတွင် ပိုမို သက်တောင့်သက်သာ ရှိစေမည် ဖြစ်သည်။
ကမ္ဘာတစ်ဝန်းမှ အစိုးရများနှင့် ကားဝယ်ယူသူများက သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်းပြီး သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေမည့် ရွေးချယ်မှုများ ပြုလုပ်မှု များပြားလာရာ EV ဈေးကွက်အတွက် အရေးကြီးသော အချိန်ကာလမျိုးတွင် CATL ၏ အောင်မြင်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
တီထွင်စမ်းသပ်မှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှုုတို့ကို ရှေ့ရှုသော CATL သည် ဘက်ထရီ နည်းပညာတွင် ကမ္ဘာ့ရှေ့ဆောင် ဖြစ်လာခဲ့သည်။
EV ကားများဆီသို့ ကူးပြောင်းရေး နှောင့်နှေးစေသည့် အဓိက စိုးရိမ်ပူပန်မှု အချက်များကို Shenxing Superfast ဘက်ထရီ မိတ်ဆက်ချပြလိုက်ခြင်းအားဖြင့် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းမှု ပိုမိုမြန်ဆန်လာကြ စေရန် CATL က ရည်မှန်းထားသည်။
CATL က Shenxing Superfast ဘက်ထရီကို ထုတ်လုပ်လိုက်မှုသည် လျှပ်စစ်ကား နည်းပညာနယ်ပယ်တွင် အထင်ကရ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာသည်။
အထင်ကြီးလောက်ဖွယ် မောင်းနှင်နိုင်မှု အကွာအဝေးနှင့် အလွန်လျင်မြန်စွာ အားသွင်းနိုင်မှုတို့ကြောင့် ဤဘက်ထရီသည် EV ဈေးကွက်ကြီး တစ်ခုလုံးကို ပြောင်းလဲနိုင်စေပြီး ပြည်သူတို့အကြား လျှပ်စစ်ကားကို ပိုမိုရွေးချယ်လာကြစေရန် အလားအလာ ရှိလာစေမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: CATL Reveals Shenxing Superfast EV Battery with 700km Range and 80% SoC Charge in 10 Minutes (ts2)