အခုနှစ် (၁၀)လအတွင်း EV မော်တော်ယာဉ်အစီးရေ (၁၅၅၅)စီးတင်သွင်းထား
- 132 views
(၂၀၂၃)ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ EV မော်တော်ယာဉ်အစီးရေ (၁၅၅၅) စီး တင်သွင်းထားတယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။ EV ကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ ကနဦးစီမံချက်ရေးဆွဲနေတာ (၁၀)လတာ ကာလအတွင်း အစီးရေ(၁၅၀၀)ကျော် တင်သွင်းထားတာလည်း ဖြစ်ပါတယ်။
စတင် တင်သွင်းခဲ့တဲ့ ဇန်နဝါရီလမှတော့ အစီးရေ (၄၀) သာ တင်သွင်းနိုင်ခဲ့ပြီးနောက်ပိုင်းမှာ လစဉ် အစီးရေ ရာနဲ့ချီ တင်သွင်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လနဲ့ စက်တင်ဘာလမှာတော့ EV အစီးရေ (၃၀၀)နဲ့ (၄၀၀)ကြားမှာ တင်သွင်းထားပြီး အများဆုံးတင်သွင်းထားတာလည်း ဖြစ်ပါတယ်။
EV မော်တော်ယာဉ်တွေကို ပင်လယ်ရေကြောင်းကနေတစ်ဆင့် တင်သွင်းနေတာဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းတွေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် EV ဆိုင်ကယ်တွေနဲ့ သုံးဘီးဆိုင်ကယ်တွေကိုလည်း တရုတ်နိုင်ငံကနေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးစခန်းကို အစီးရေရာနဲ့ချီပြီး ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်လာတာပါ။ EV မော်တော်ယာဉ်တွေနဲ့ ယာဉ်အမျိုးမျိုးကို အကောက်ခွန် ကင်းလွတ်ခွင့်ပေးထားပြီး လမ်းတံတားကြေးတွေကိုလည်း ကင်းလွတ်ခွင့်ပြုထားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လထဲမှာပဲ EV မော်တော်ယာဉ်အစီးရေ (၁၀၀)တင်သွင်းထားတယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com