• Home
  • Car News
  • စက်သုံးဆီတင် သင်္ဘော(၁၅)စင်း မကြာမီရောက်ရှိတော့မည်ဟု နိုင်ငံပိုင်မီဒီယာတွင်ကြေညာ

စက်သုံးဆီတင် သင်္ဘော(၁၅)စင်း မကြာမီရောက်ရှိတော့မည်ဟု နိုင်ငံပိုင်မီဒီယာတွင်ကြေညာ

  • 233 views

 

နိုဝင်ဘာလ(၁၀)ရက်နေ့က ပြည်တွင်းမှာ (92)Ron နေ့စဉ်ပုံမှန်ထက် ပိုရောင်းအားတက်ခဲ့တဲ့အတွက် စက်သုံးဆီပြတ်လတ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ စက်သုံးဆီပြတ်လတ်မှု ဖြစ်ပေါ်ခဲ့တဲ့အတွက် Urgent စနစ်နဲ့ ဖြည့်တင်းပေးခဲ့ပြီး လက်ရှိမှာ ပြည်တွင်းမှာအသုံးများတဲ့ (92)Ron ဂါလံ(၁၃)သန်းကျော်၊ (95) Ron ဂါလံ(၃)သန်းကျော် ၊ (97)Ron (၁ ဒသမ ၄)သန်းကျော်၊ ရိုးရိုးဒီဇယ် (၂၉)သန်းကျော် နဲ့ ပရီမီယံဒီဇယ် သန်း(၂၀)ကျော်ရှိနေသေးလို့ စက်သုံးဆီပြတ်လတ်မှု မရှိစေရေး ဖြည့်တင်းပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ကြေညာထားပါတယ်။

နိုဝင်ဘာလ (၁၁)ရက်နေ့နဲ့(၁၂)ရက်နေ့တွေမှာလည်း စက်သုံးဆီတင်သင်္ဘော (၄)စင်းဆိုက်ကပ်ခဲ့ပြီး (၁၅)စင်း ထပ်မံဆိုက်ကပ်ဖို့ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့မှာရောင်းချနေတဲ့ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လတ်မှုတွေရှိခဲ့တယ်လို့ အငှားယာဉ်မောင်းတချို့ရဲ့ပြောပြချက်အရ သိရပါတယ်။ (95) ဆီကို တစ်ခါဖြည့်ရင် ငွေကျပ်(၃၀၀၀၀)အထိပဲ ဝယ်ယူလို့ရနိုင်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့အတွက် အခက်အခဲ တချို့ရှိခဲ့တယ်လို့လည်း အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

နိုင်ငံပိုင်မီဒီယာတွေမှာတော့ အရံစက်သုံးဆီတွေသိုလှောင်ထားပြီး အရံဆီကို တစ်လစာကျန်ရှိအောင် ဆောင်ရွက်ထားတယ်လို့ဖော်ပြထားသလို ပြီးခဲ့တဲ့ရက်ပိုင်းက ဆီပြတ်လတ်ခဲ့တယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေမှာ ဝန်ခံထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Photo -  (ပြန်ကြားရေးဝန်ကြီးဌာန)