- Home
- Car News
- သားအမိနှစ်ဦး Tesla ကား စင်းလုံးငှားစီးရာ ဘက်ထရီအားကုန်သွားချိန်တွင် ကားတံခါးမဖွင့်တတ် သောကြောင့် ကားထဲတွင် ပိတ်မိခဲ့
သားအမိနှစ်ဦး Tesla ကား စင်းလုံးငှားစီးရာ ဘက်ထရီအားကုန်သွားချိန်တွင် ကားတံခါးမဖွင့်တတ် သောကြောင့် ကားထဲတွင် ပိတ်မိခဲ့
- 559 views
မိခင်တစ်ဦးနှင့် သမီးဖြစ်သူတို့သည် ကမ္ဘာ့ထိပ်တန်း ကားအငှားကုမ္ပဏီကြီး Hertz ထံမှ Tesla တစ်စီး ငှားရမ်းခဲ့ကြသည်။
အဆိုပါ Tesla မှာ ဘက်ထရီအားကုန်သွားရာ သားအမိနှစ်ဦး ကားတံခါးမဖွင့်တတ်သောကြောင့် ကားထဲတွင် ပိတ်မိခဲ့ကြသည်။
Becky Liebau အမည်ရှိ အမျိုးသမီးနှင့် သူ၏သမီးတို့က ခရီးထွက်ရန်အတွက် Hertz ထံမှ ကားငှားခဲ့ခြင်း ဖြစ်သည်။
သူတို့ သားအမိသည် ယခင်က Tesla မမောင်းဖူးခဲ့။ မည်သို့ အားသွင်းရသည်ကို မသိသည့်အပြင် အားကုန် သွားပါက တံခါးများကို manual နည်းဖြင့် မည်သို့ဖွင့်ရသည်ကိုလည်း မသိချေ။
(မှတ်ချက်။ Becky Liebau တို့သားအမိမှာ မည်သည့်နိုင်ငံ၊ မည်သည့်မြို့တွင် ယခုအဖြစ်အပျက်နှင့် ရင်ဆိုင်ခဲ့ရ သည်ကိုမူ ဖော်ပြထားခြင်း မရှိချေ။)
Hertz သည် ကမ္ဘာ့အကြီးမားဆုံး ကားငှားရမ်းသည့် ကုမ္ပဏီကြီးများတွင် အပါအဝင်ဖြစ်ပြီး မြောက်အမေရိက၊ ဥရောပ၊ လက်တင် အမေရိက၊ အာရှ၊ အာဖရိက၊ သြစတေးလျ၊ ကာရစ်ဘီယန်ဒေသ၊ အရှေ့အလယ်ပိုင်းတို့ရှိ နိုင်ငံပေါင်း ၁၆၀ တွင် လုပ်ငန်း လည်ပတ်လျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ အချက်အလက်များအရ ကုမ္ပဏီဝင်ငွေမှာ ကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ကုမ္ပဏီတန်ကြေး ကန်ဒေါ်လာ ၁၉ ဒသမ ၇ ဘီလီယံရှိကာ ဝန်ထမ်းပေါင်း ၂၃၀၀၀ ကျော်ရှိသည်။
ကားငှားသော ကုမ္ပဏီများသည် သမရိုးကျကားများနှင့် ယှဉ်လျှင် ကုန်ကျစရိတ်သက်သာသော လျှပ်စစ်ကား များကို ပိုမိုနှစ်သက်ကြသည်။
လျှပ်စစ်ကားများမှာ ပြင်ဆင်မှုကုန်ကျစရိတ်မရှိသလောက်ဖြစ်သည့်အပြင် ဓာတ်ဆီ ၊ ဓာတ်ငွေ့တို့ထက် လျှပ်စစ်ဓာတ်အားခမှာ များစွာ သက်သာသည်။
လျှပ်စစ်ကားများသည် ထိုကဲ့သို့ ကုမ္ပဏီများအတွက် ကောင်းသော်လည်း မမောင်းဖူးသူများအတွက် ဒုက္ခရောက်ရလေ့ရှိသည်။
Becky Liebau နှင့် သူမ၏ ၁၆ နှစ်အရွယ်သမီးဖြစ်သူတို့သည် ခရီးထွက်ရန်အတွက် Hertz ကုမ္ပဏီထံ ကားသွားငှားကြသည်။
Hertz ၏ ကုမ္ပဏီရုံးခွဲက ပြောသည်မှာ သမားရိုးကျကားများ ကုန်နေကြောင်းနှင့် Tesla EV သာရနိုင်ကြောင်း ပြောခဲ့သည်။
ရုံးပိတ်ချိန်လည်း နီးကပ်နေပြီဖြစ်သောကြောင့် Becky Liebau မှာ လျှပ်စစ်ကား လုံးဝမမောင်းဖူးသော်လည်း Tesla ကိုပင် ငှားခဲ့သည်။
ကားပါကင်နေရာမှ မထွက်ခွာမီတွင်ပင် ပြဿနာစကြုံရသည်။
သူတို့ငှားလာသော Tesla မှာ ဘက်ထရီအား တဝက်ပင်မရှိချေ။
မိုင် ၉၀ (၁၄၅ ကီလိုမီတာ) သာ သွားနိုင်မည်ဖြစ်ကြောင်း ကား၏ ကွန်ပြူတာက ခန့်မှန်းပေးသည်။
Becky Liebau သည် Tesla ၏ Trip Planner အသုံးပြုပုံကို မသိသောကြောင့် အားသွင်းသည့်နေရာ ရှာမတွေ့မီ ဘက်ထရီမှာ အားကုန်သွားတော့သည်။
အခြားအားသွင်းသည့်နေရာများ တွေ့သော်လည်း Plug Adapter ပါမလာသောကြောင့် အားသွင်း၍ မရချေ။
အခြေအနေ ပိုဆိုးစေသည့်အချက်မှာ ၁၂ ဗို့ ဘက်ထရီမှာ အလုပ်မလုပ်ခြင်းဖြစ်သည်။
Becky Liebau က Hertz ၏ customer service သို့ ဖုန်းဆက်ခဲ့သည်။
သို့သော် ၁၂ ဗို့ဘက်ထရီမရှိဘဲ တံခါးဖွင့်မရသောကြောင့် သားအမိနှစ်ဦး ကားထဲတွင် ပိတ်မိသွားခဲ့သည်။
Becky Liebau သည် Tesla နှင့် မရင်းနှီးရာ လုံခြုံရေးတံခါးဖွင့်ပုံအကြောင်း မသိချေ။
အရေးပေါ်တံခါးဖွင့်သည့် ခလုတ်မှာ တံခါးလက်ကိုင်၏ ပြတင်းပေါက်ခလုတ်ဘေးတွင် ရှိသော်လည်း မထင်ရှားသောကြောင့် သိရန်မလွယ်။
နောက်ဆုံးတွင် Becky Liebau သည် ကြိုးဖြင့်ဆွဲပေးသော ထရပ်ကားယာဉ်မောင်းတစ်ဦး ဖုန်းဆက် ခေါ်ယူခဲ့သည်။
ထိုသူက ကားထဲမှ ထွက်နည်း ပြောပြပေးခဲ့သည်။
Becky Liebau က ထိုသူ၏ အကူအညီဖြင့် လိုရာခရီးသို့ ဆက်လက်သွားရောက်ခဲ့ရသည်။
သို့သော် သူ၏ ဇာတ်လမ်းမှာ ဤမျှဖြင့် မပြီး။
ကုမ္ပဏီက Becky Liebau ကို အားမသွင်းခဲ့သော်လည်း အားသွင်းခ ကောက်ခံခဲ့သည်။
သူမက ပေးရန် ငြင်းဆိုသောကြောင့် Hertz က Blacklist စာရင်းသွင်းခဲ့သည်။
Becky Liebau က သူမ၏ အဖြစ်အပျက်ကို CBS News သတင်းဌာနသို့ ပြောပြလိုက်သည့် အချိန်တွင်ကား Hertz လေသံပြောင်းသွားခဲ့သည်။
သူမအား ကားငှားခ ပြန်အမ်းခဲ့သည့်အပြင် ခရီးစရိတ်ကုန်ကျငွေများလည်း ပေးခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mother and Daughter 'Trapped' Inside Rented Tesla Didn't Know How To Open Doors Manually (autoevolution)