ဂင်းနက်စ်စံချိန် ၂ ခုတင်ထားသော ကမ္ဘာ့အကြီးမားဆုံးနှင့် ဇိမ်အကျဆုံး ဘတ်စ်ကားကြီး
- 319 views
ကမ္ဘာ့အကြီးမားဆုံးနှင့် ဇိမ်အကျဆုံး ဘတ်စ်ကားကြီးမှာ တမူထူးလှပြီး ဂင်းနက်စ်ကမ္ဘာ့စံချိန် ၂ ခုတင်ထားသော ကားကြိးဖြစ်သည်။
DerBus ဟု အမည်ပေးထားသော ဘတ်စ်ကားကြီးကို ဂျာမနီထိပ်သီး ကားကုမ္ပဏီကြိး Neoplan GmbH က ၁၉၇၅ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး ခရီးသည် ၁၇၀ ဦးအထိ လိုက်ပါစီးနင်းနိုင်သော ကမ္ဘာ့အကြီးမားဆုံး ဘတ်စ်ကားကြီး ဖြစ်လာခဲ့သည်။
(ဘတ်စ်ကားကြီးကို DerBus ဟု အမည်ပေးထားပြီး ကမ္ဘာ့စံချိန် ၂ ခုချိုးထားသည်။ ဓာတ်ပုံ-Derbus.de)
(အတွင်းပိုင်းမှာ အလွန် Luxury ဆန်ပြီး VIP ပါတီပွဲများကျင်းပရန် သင့်တော်သည့် amenities များ ပါဝင်သည်။ ဓာတ်ပုံ -Derbus.de)
DerBus မှာ ဂျာမန်ဘာသာအရ The Bus ဟု အဓိပ္ပာယ်ရပြီး ဤကဲ့သို့ဘတ်စ်ကားမျိုး ၁၁ စင်းသာ ထုတ်လုပ်ခဲ့ ကာ ယခုအခါ ဤတစ်စင်းတည်းသာ ကျန်ရစ်တော့သည်ဟု ယူဆရသည်။
ကြီးမားသော ဘတ်စ်ကားကြီးအဖြစ် ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ပြီးနောက် ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့အကြီးမားဆုံးနှင့် ဇိမ်အကျဆုံး ကားအိမ်ကြီးအဖြစ် ပြောင်းလဲမွမ်းမံကာ ဘဝသစ်သို့ ပြောင်းသွားသည်။
အပြင်ဘက်မှကြည့်လျှင် ဘတ်စ်ကားကြီးမှာ ၁၉၇၀ ပြည့်လွန်ကာလများက စက်ရုံမှ ထွက်လာစ အခြေအနေ အတိုင်း အပြစ်အနာအဆာကင်းလှသည်။
အတွင်းပိုင်းသို့ ဝင်ရောက်ကြည့်ရှုလျှင်မူ ကားအိမ်တစ်လုံးအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်ကို တွေ့ရနိုင်သည်။
လူ ၃၅ ဦးစာ ထိုင်ခုံနေရာရှိပြီး ရာနှင့်ချီသော ဧည့်ပရိသတ်ကို ပါတီပွဲပေးနိုင်သည့် နေရာအကျယ်အဝန်းရှိသည်။
ဤကားအိမ်ကို ယခုအခါ ကုန်စည်ပြပွဲများနှင့် ကမ္ဘာလှည့်ခရီးစဉ်များအတွက် အသုံးပြုလျက်ရှိသည်။
မကြာသေးမီနှစ်များအတွင်း ဥရောပ၊ မြောက်အမေရိက၊ ဂျပန်နှင့် ဗြိတိန်တို့တွင် ကျင်းပလေ့ရှိသော Ferrari Challenge ကားပြိုင်ပွဲ၊ အင်္ဂလန်ရှိ Silverstone ကားကွင်းတွင် ကျင်းပသော Lamborghini Grand Prix ပွဲ၊ Grand Prix Masters ပြိုင်ပွဲနှင့် Truck Grand Prix ပွဲများတွင် အသုံးပြုခဲ့သည်။
DerBus ဘတ်စ်ကားကြီး၏ ထူးခြားချက်မှာ အတွင်းပိုင်းဖြစ်ပြီး Luxury ဖြစ်မှုကို အကောင်းဆုံး ပေးစွမ်းထားသည်။
ကြီးမားလှသော နှစ်ထပ်ဘတ်စ်ကားကြီး၏ အောက်ထပ်တစ်ထပ်လုံးကို ကွန်ဖရင့်ခန်းများအပြင် လူ ၁၀ ဦးဆန့် ကြီးမားသော အစည်းအဝေးခန်းမနေရာတို့အတွက် အသုံးပြုထားသည်။
ထို့အပြင် သားရေအစစ်များနှင့် စကျင်ကျောက်တို့ သုံးစွဲကာ မွမ်းမံထားသည့် ကျယ်ဝန်းသော အရက်ဘားမှာ VIP နားနေ နေရာအဖြစ်လည်း အသုံးပြုနိုင်သည်။
အောက်ထပ်တွင် သိုလှောင်ခန်းတစ်ခုလည်း ပါဝင်ပြီး ကားငယ်တစ်စီး ထားရှိနိုင်လောက်သည့် အကျယ်အဝန်း ရှိသည်။
အပေါ်ထပ်မှာ ဇိမ်ခံလူနေခန်းတစ်ခုနှင့် များစွာတူနေပြီး ရှေ့ပိုင်းတွင် ပင်မအိပ်ခန်း၊ ကပ်လျက်တွင် မီးဖိုဆောင် နှင့် ကျယ်ဝန်းသော ဧည့်ခန်း၊ နောက်ဘက်ဆီတွင် ဒုတိယမြောက်အိပ်ခန်းတစ်ခုတို့ ပါဝင်သည်။
ထို့အပြင် ရေပန်း၊ အိမ်သာနှင့် လက်ဆေးကန်တို့ပါသော ရေချိုးခန်းတစ်ခုလည်း ရှိသည်။
ကားအမိုးပေါ်တွင် လက်ရန်းများ ကာရံထားသော rooftop deck တစ်ခုရှိပြီး လုံခြုံရေးကင်မရာ များစွာ တပ်ဆင်ထားသည်။
(၁၉၇၀ ပြည့်လွန်ကာလများအတွင်း စက်ရုံမှ ထွက်လာခါစ အခြေအနေအတိုင်း သန့်ပြန့်နေဆဲ ဖြစ်သည်။ ဓာတ်ပုံ-Derbus.de)
(အပေါ်ထပ်တွင် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်းနှင့် မီးဖိုဆောင်တို့ရှိသည်။ ဓာတ်ပုံ-Derbus.de)
(လက်ဆေးကန်နှင့် ရေပန်းတို့အတွက် ရေပိုက်လိုင်းများ တပ်ဆင်ပေးထားသည်။ ဓာတ်ပုံ-Derbus.de)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Inside world’s biggest & most luxurious bus named ‘Jumbocruiser’ – it comes with a custom bar & marble tables (thesun)