- Home
- Car News
- ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD ထုတ် YangWang U8 ကားကို စမ်းသပ်မောင်းနှင်
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom တရုတ်ထိပ်သီး EV ကုမ္ပဏီ BYD ထုတ် YangWang U8 ကားကို စမ်းသပ်မောင်းနှင်
- 344 views
အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန် (Gavin Newsom) သည် တရုတ်ပြည်၏ အထင်ကရ EV ကုမ္ပဏီကြီး BYD အခြေစိုက်ရာ တရုတ်ပြည် ရှန်ကျန်းမြို့သို့ သွားရောက် လည်ပတ်ခဲ့သည်။
အုပ်ချုပ်ရေးမှူးဂါဗင်က BYD ထုတ် YangWang U8 ကို စမ်းသပ်မောင်းနှင်ခဲ့ပြီး နည်းပညာ နောက်တစ်ဆင့် ခုန်တက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဂါဗင်သည် ၂၀၂၀ ပြည့်နှစ်အတွင်းက Mask များ ထုတ်လုပ်ရန် BYD နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့မှုမှာ နိုင်ငံတကာ သတင်းများတွင် ပြန့်နှံ့ခဲ့သည်။
ယခုအခါတွင်လည်း ဂါဗင်က BYD ၏ အခရာကျသော မော်ဒယ်တစ်မျိုးကို တရုတ်ပြည် ရှန်ကျန်းမြို့တွင် မောင်းနှင်ခဲ့မှုမှာ ကားလောက၏ ထိပ်တန်းသတင်းတစ်ရပ် ဖြစ်လာခဲ့သည်။
အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန်သည် ပြီးခဲ့သော တနင်္လာနေ့မှ စတင်ကာ တရုတ်ပြည်သို့ ရက်သတ္တပတ်ကြာ အလည်အပတ် ခရီးစဉ်ရောက်ရှိခဲ့ပြီး ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရာသီဥတုပြောင်းလဲမှု ကိစ္စဖြစ်သည်။
သူ၏ တရုတ်ပြည်ခရီးစဉ်အတွင်း ဟောင်ကောင် ၊ ပေကျင်း ၊ ရှန်ဟိုင်းနှင့် ရှန်ကျန်းမြို့များသို့ ရောက်ရှိခဲ့သည်။
ဂါဗင်သည် ဟောင်ကောင်တွင် ရာသီဥတု အကြောင်းရပ်များ ဆွေးနွေးခဲ့ပြီးနောက် ရှန်ကျန်းမြို့သို့ ခရီးဆက်ခဲ့သည်။
ရှန်ကျန်းသည် တရုတ်ပြည်တွင် ဘတ်စ်ကားများအားလုံးကို လျှပ်စစ်ကားများ အသုံးပြုခဲ့သည့် ပထမဆုံးမြို့ ဖြစ်သည်။
ရှန်ကျန်းသည် BYD ၏ အခြေစိုက်ရာ နေရာလည်း ဖြစ်သည်။
BYD သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် လျှပ်စစ်ကားစက်ရုံတစ်ခု ရှိသည်။
၂၀၂၀ ပြည့်နှစ်အတွင်း အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန်သည် BYD နှင့် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ သော စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။
ဂါဗင်နှင့် BYD တို့အကြား ရင်းနှီးခင်မင်မှုကို ရှန်ကျန်းမြို့တွင် တွေ့ရှိရခြင်းဖြစ်ပြီး ဂါဗင်က YangWang U8 ကို စမ်းသပ်မောင်းနှင်ခဲ့သည်။
Shenzhen Daily သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အဆိုပါကား၏ ဒီဇိုင်း ၊ Function စုံလင်မှုတို့ကို ချီးမွမ်းခဲ့ပြီး နည်းပညာနောက်တစ်ဆင့် ခုန်တက်မှုဟု ပြောဆိုခဲ့သည်။
“ဒါက နည်းပညာ နောက်တစ်ဆင့် ခုန်တက်မှုပါပဲ။ ကျွန်တော် မမျှော်မှန်းခဲ့တဲ့ နောက်တစ်ဆင့်ခုန်တက်မှုပါ။ ဒီနည်းပညာကို ကျွန်တော် ချီးကျူးပါတယ်။ မယုံနိုင်အောင် တကယ့်ကိုလှတဲ့ကားပါပဲ”ဟု အုပ်ချုပ်ရေးမှူး ဂါဗင်က ပြောသည်။
YangWang U8 ကို ကယ်လီဖိုးနီးယားသို့ ယူသွားလိုသလားဟု မေးခဲ့ရာတွင် ဂါဗင်က ၂ စင်း ယူသွားလို ကြောင်း ဖြေကြားခဲ့သည်။
(YangWang U8 အကြောင်း)
YangWang U8 သည် BYD ထုတ် high-end SUV ဖြစ်သည်။
လျှပ်စစ်မော်တာ ၄ လုံးတပ်ဆင်ထားပြီး စုစုပေါင်း အထွက်အား ၈၈၀ KW (မြင်းကောင်ရေ ၁၁၉၇) ရှိသည်။
0 to 100 Acceleration ကို ၃ ဒသမ ၆ စက္ကန့်အတွင်း ရောက်ရှိနိုင်သည်။
YangWang U8 ကို တရုတ်ပြည်တွင်း ဈေးကွက်တွင် ရောင်းချသည့်ဈေးနှုန်းမှာ ယွမ်ငွေ ၁၀၈၉၀၀၀ (ကန်ဒေါ်လာ ၁၄၉၀၀၀) ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: California Governor Gavin Newsom test-drove BYD’s YangWang U8 in China (carnewschina)