- Home
- Car News
- ဥရောပသို့ တရုတ်ပြည်ထုတ် EV များ အလုံးအရင်းဝင်ရောက်လာမှုအပေါ် ဥရောပကားထုတ်လုပ်သူများ ရတက်မအေးဖြစ်နေ၊ ဥရောပကားဝယ်လက်တို့မှာမူ တရုတ်ထုတ်ကားများကို သဘောကျလျက်ရှိ
ဥရောပသို့ တရုတ်ပြည်ထုတ် EV များ အလုံးအရင်းဝင်ရောက်လာမှုအပေါ် ဥရောပကားထုတ်လုပ်သူများ ရတက်မအေးဖြစ်နေ၊ ဥရောပကားဝယ်လက်တို့မှာမူ တရုတ်ထုတ်ကားများကို သဘောကျလျက်ရှိ
- 148 views
လိုင်မာ စပရင်းဂျမ်ဆင် (Laima Springe-Janssen) သည် သူမ၏ ပြင်သစ်လုပ် ဓာတ်ဆီ SUV ကို လျှပ်စစ်ကားနှင့်လဲရန် စီစဉ်ချိန်တွင် Volvo နှင့် Nissan ထုတ်ကားများကို စဉ်းစားခဲ့သည်။
Volvo မှာ သူသုံးနိုင်သော ငွေပမာဏထက်များနေပြီး Nissan တွင်မူ မက်လောက်စရာ အချက်အလက်များမရှိ။
သို့နှင့် ဒိန်းမတ်နိုင်ငံ ၊ ကိုပင်ဟေဂင်မြို့သူ လိုင်မာသည် တရုတ်ထုတ် BYD တစ်စင်း ဝယ်ဖြစ်သွားသည်။
“ကျွန်မ ဒီကားကို တကယ့်ကို…တကယ့်ကို ချစ်ပါတယ်”ဟု လိုင်မာက ပြောသည်။
လိုင်မာ ဝယ်ခဲ့သော BYD ထုတ် Atto 3 SUV ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၀၀၀၀ ခန့်ဖြစ်ပြီး ၃၆၀ ဒီဂရီ ကင်မရာ ၊ ၂ နှစ်အခမဲ့ အားသွင်းခွင့်နှင့် ဆောင်းတွင်းသုံး တာယာအပိုတစ်စုံတို့ ပါဝင်သည်။
သူမ၏ ခင်ပွန်းကလည်း ထိုကားကို အလွန်နှစ်သက်နေပြီး ၎င်းတို့ ဇနီးမောင်နှံ၏ အခြားကားတစ်စင်းကိုလည်း နောက်ထပ် BYD တစ်စင်းဖြင့် အစားထိုးရန် စဉ်းစားနေသည်။
၎င်းတို့ စုံတွဲ၏ အခြားကားတစ်စင်းမှာ Volkswagen ၏ Skoda brand ဖြစ်သည်။
“ဥရောပရေ စိတ်မကောင်းပါဘူး။ တရုတ်ပြည်က ဝန်ဆောင်မှုက ပိုပြီးကောင်းပါတယ်”ဟု သူမက ပြောသည်။
လိုင်မာ၏ ဖြစ်ရပ်က တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့က ဥရောပ၏ လျှပ်စစ်ကား ဈေးကွက်သို့ ကြီးမားစွာ ထိုးဖောက်ဝင်ရောက် အောင်ပွဲခံလာပုံကို မီးမောင်းထိုး ပြသနေသည်။
ထိုသို့ ဈေးကွက်ယှဉ်ပြိုင်သည့် ခြိမ်းခြောက်မှုကြောင့် ဥရောပသမဂ္ဂအနေဖြင့် တရုတ်အစိုးရက EV လုပ်ငန်း နယ်ပယ်အပေါ် မည်သို့မည်ပုံ ပံ့ပိုးကူညီပေးသည်ကို လေ့လာမှုများ ပြုလုပ်လာရသည်။
အနောက်နိုင်ငံများနှင့် တရုတ်ပြည်အကြား နည်းပညာနှင့် စပ်လျဉ်းပြီး တင်းမာမှုများ ပေါ်ပေါက်လျက် ရှိခဲ့ရာ ယခုအခါ EV ကား အရေးမှာ တင်းမာမှုတွင် ထပ်တိုးပါဝင်လာခဲ့သည်။
တရုတ်ပြည်သည် ဥရောပ၏ အကြီးမားဆုံးကုန်သွယ်ဖက်များတွင် ပါဝင်ပြီး ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်လည်း ဖြစ်သည်။
တရုတ် EV ထုတ်လုပ်သူများ ဥရောပဈေးကွက်သို့ ဝင်ရောက်ကြခြင်း၏ အဓိက အကြောင်းအရင်းမှာ မော်တော်ကား သွင်းကုန်အကောက်ခွန်မှာ ၁၀ ရာခိုင်နှုန်းသာ ပေးရခြင်းကြောင့် ဖြစ်ကြောင်း ၊ အမေရိကန် ပြည်ထောင်စုတွင်ဆိုလျှင် ၂၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရကြောင်း ကားလောက အကဲခတ်ပုဂ္ဂိုလ် Matthias Schmidt က ပြောသည်။
ဥရောပသည် တရုတ်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး EV ဈေးကွက်ဖြစ်သည်။
ဈေးကွက် စီးပွားရေး ပြိုင်ဆိုင်မှု ပြင်းထန်သော ဥရောပတွင် ကားဝယ်ယူရေး ဆုံးဖြတ်ရာ၌ ပထဝီနိုင်ငံရေးတို့မှာ ဘေးသို့ ရောက်သွားသည်။
ရာသီဥတုအပေါ် အလေးထားသော ဥရောပမှ ကားဝယ်လက်တို့သည် လူနေမှုစရိတ် ကြီးမြင့်မှုနှင့် ရင်ဆိုင်ရနေသော အချိန်မျိုးတွင် တန်ဖိုးသင့်ပြီး Feature စုံကာ စတိုင်ကျသော ဒီဇိုင်းနှင့် တရုတ် EV များ ရောက်ရှိလာသည်။……
ဥရောပဒေသခံ ကားထုတ်လုပ်သူတို့အပေါ် ခြိမ်းခြောက်မှုနှင့် အလုပ်အကိုင်ပြဿနာတို့ကို ထည့်သွင်းမစဉ်းစား ကြတော့ချေ။
ဗြိတိန်မှ အငြိမ်းစားတစ်ဦးဖြစ်သူ John Kirkwood သည် လွန်ခဲ့သော ၃ နှစ်ခန့်က Volkswagen Passat ကို MG5 စတေရှင် ဝက်ဂွန်းနှင့် လဲခဲ့သည်။
MG5 မှာ ဒေါ်လာ ၃၆၀၀၀ သာ ပေးရပြီး အနီးဆုံးပြိုင်ဘက် Kia နှင့် ယှဉ်လျှင် ဒေါ်လာ ထောင်ပေါင်းများစွာ သက်သာသည်။
“ဒီကားက ကောင်းတယ်။ ငြိမ်တယ်။ တော်တော်သွက်တယ်” ဟု Kirkwood က ပြောသည်။
MG သည် တရုတ်ပြည်၏ အကြီးမားဆုံး မော်တော်ကား ကုမ္ပဏီ SAIC Motor က ပိုင်ဆိုင်ပြီး ဥရောပတွင် EV များ အကြီးမားဆုံး ရောင်းချနေသော တရုတ်ကုမ္ပဏီ ဖြစ်သည်။
ဘီလျံနာ သူဌေးကြီး Warren Buffett ကျောထောက်နောက်ခံပေးထားသော တရုတ်ကုမ္ပဏီ BYD မှာလည်း တဟုန်ထိုး အောင်မြင်လာနေသည်။
အဆိုပါ ကုမ္ပဏီတို့၏ ဥရောပနှစ်စဉ်ရောင်းအားမှာ အစင်းရေ ၉ ဒသမ ၂ သန်းခန့် ရှိသည်။
ထိုသို့ ရောင်းအားအလုံးအရင်း မြင့်တက်လာမှုကြောင့် ဥရောပ၏ ကားလုပ်ငန်းနယ်ပယ်မှာ ရတတ်မအေး ဖြစ်မှုများ ပေါ်ပေါက်လာလျက် ရှိသည်။
ဥရောပ၏ ကားလုပ်ငန်းမှာ အဓိကအားဖြင့် ပြင်သစ်နှင့် ဂျာမနီတို့တွင် ဗဟိုပြုထားပြီး အလုပ်သမား သန်းပေါင်း များစွာအား အလုပ်အကိုင်ပေးထားသည်။
ဥရောပ ကော်မရှင် ဥက္ကဌ Ursula von der Leyen က “ကမ္ဘာ့ဈေးကွက်တွေမှာ အခုဆိုရင် ဈေးသက်သာတဲ့ တရုတ်လျှပ်စစ်ကားတွေ အပြည့်ဖြစ်နေပြီ။ သူတို့ အစိုးရရဲ့ အလုံးအရင်း ကူညီထောက်ပံ့မှုတွေကြောင့် ဈေးနှုန်းအတော်နည်းနည်းနဲ့ ရောင်းချနိုင်နေကြတယ်”ဟု ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Europe is looking to fight the flood of Chinese electric vehicles. But Europeans love them (finance)