• Home
  • Car News
  • အမြန်လမ်းတွင် မော်တော်ယာဉ်သွားလာမှုကို ထိန်းချုပ်စောင့်ကြည်ရန် (Telematisc) စနစ်ကျင့်သုံးမည်

အမြန်လမ်းတွင် မော်တော်ယာဉ်သွားလာမှုကို ထိန်းချုပ်စောင့်ကြည်ရန် (Telematisc) စနစ်ကျင့်သုံးမည်

  • 216 views


ရန်ကုန်-မန္တလေးအမြန်လမ်းမှာသွားလာနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်တွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ အတွက် Command Centre ကနေထိန်းချုပ်တဲ့စနစ် (Telematisc) စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပါတယ်။ အဲဒီစနစ်ကိုကျင့်သုံးမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ပစ္စည်းတွေတပ်ဆင်ဖို့ မြန်မာနိုင်ငံသားတိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို တင်ဒါတင်သွင်းဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

အဲဒီစနစ်ဟာမော်တော်ယာဉ် ဘေးအန္တရာယ်ကင်းရှင်းအတွက် အဓိကရည်ရွယ်တာဖြစ်ပြီး ထိန်းချုပ်ရေးအချက်အလတ်တွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အမြန်လမ်းထိန်းချုပ်ရေးရုံးခန်းတွေမှာထားရှိမှာဖြစ်တယ်လို့သိရပါတယ်။

အခုတည်ဆောက်မယ့် အမြန်လမ်းထိန်းချုပ်ရေးရုံးခန်းကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၂၀၁/၅)နဲ့ (၂၀၁/၆)ကြားမှာရှိတဲ့ စီလမ်းဆုံမှာတည်ဆောက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

တင်ဒါတင်သွင်းမယ့်ကုမ္ပဏီတွေဟာ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကို နိုဝင်ဘာလ (၆)ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

လျှောက်ထားတဲ့ကုမ္ပဏီတွေဟာ (Telematisc) စနစ်နိုင်ငံတကာဝန်ဆောင်မှုအတွေ့အကြုံ (၅)နှစ်နှင့်အထက် ရှိရမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com