- Home
- Car News
- Tesla နှင့် အိန္ဒိယအစိုးရကြား ဆက်ဆံရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ပြီး Tesla က အိန္ဒိယမှ ကားပစ္စည်းအစိတ်အပိုင်း ဒေါ်လာ ၂ ဘီလီယံဖိုးနီးပါးမှာယူရာ ဆက်ဆံရေးပြန်လည်နွေးထွေးလာ
Tesla နှင့် အိန္ဒိယအစိုးရကြား ဆက်ဆံရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ပြီး Tesla က အိန္ဒိယမှ ကားပစ္စည်းအစိတ်အပိုင်း ဒေါ်လာ ၂ ဘီလီယံဖိုးနီးပါးမှာယူရာ ဆက်ဆံရေးပြန်လည်နွေးထွေးလာ
- 85 views
Tesla က ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယမှ ကားပစ္စည်းအစိတ်အပိုင်း ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံဖိုး ဝန်းကျင် မှာယူရန် စီစဉ်လာပြီးနောက်ပိုင်း Tesla နှင့် အိန္ဒိယအစိုးရအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal က ပြောသည်ဟု Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြသည်။
Business Today သတင်းဌာန၏ ဖော်ပြခဲ့မှုအရ Tesla ၏ CEO ဖြစ်သူ Elon Musk က အိန္ဒိယအစိုးရထံ မော်တော်ကား သွင်းကုန်အကောက်ခွန်ကို ၁၀၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန် တောင်းဆိုခဲ့ ပြီးနောက် Tesla နှင့် အိန္ဒိယအစိုးရအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ အကောက်ခွန်မှာ ကန်ဒေါ်လာ ၄၀၀၀၀ ထက် များပြားသော မော်တော်ယာဉ်များကို ကောက်ခံခြင်း ဖြစ်ရာ Tesla ၏ မော်ဒယ်များစွာ အကျုံးဝင်မည် ဖြစ်သည်။
အိန္ဒိယ လမ်းသယ်ယူပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Nitin Gadkari က တရုတ်ပြည်တွင် ထုတ်လုပ်သော Tesla ကားများကို အိန္ဒိယတွင် လာရောက်ရောင်းချခြင်းမပြုရန် Tesla ထံ တောင်းဆိုခဲ့မှုမှာ အချေအတင် ဝေဖန်ငြင်းခုန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
Tesla ၏ တောင်းဆိုချက်အတိုင်း တင်သွင်းလာသော EV များအပေါ် အိန္ဒိယအစိုးရက အကောက်ခွန်လျော့ချ ပေးရန် ရှိမရှိနှင့် စပ်လျဉ်းပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးက “Stakeholder အားလုံးနဲ့ ဆွေးနွေး တိုင်ပင်ပြီးရင် ကျွန်တော်တို့ရဲ့ မူဝါဒကို ချပြပါမယ်”ဟု ပြောသည်။
ယခုအခါ Tesla က ၎င်းတို့၏ ကားများအတွက် ကားပစ္စည်းအစိတ်အပိုင်းများ အိန္ဒိယမှ ပိုမိုမှာယူမည် ဆိုခြင်းကြောင့် Tesla နှင့် အိန္ဒိယအစိုးရကြား ဆက်ဆံရေး ပြေပြစ်လာသည့် လက္ခဏာ ပြသနေသည်။
BNN Bloomberg ၏ ဖော်ပြချက်အရ Tesla သည် ၂၀၂၂ ခုနှစ်အတွင်းက အိန္ဒိယမှ ကားပစ္စည်းအစိတ်အပိုင်း ကန်ဒေါ်လာ ၁ ဘီလီယံဝန်းကျင်ဖိုးခန့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ Tesla က ၎င်း၏ Powerwall ဘက်ထရီစနစ်များကို အိန္ဒိယတွင် ထုတ်လုပ်ရောင်းချရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာရာ အိန္ဒိယအစိုးရနှင့် ပြေလည်မှုရလာမည့် အခြားအရိပ်လက္ခဏာတစ်ခုလည်း ဖြစ်သည်။
ထို့အပြင် ကန်ဒေါ်လာ ၂၄၀၀၀ ဝန်းကျင်ခန့်ဖြင့် ရောင်းချပေးမည့် EV ကားများ ထုတ်လုပ်ရန် အိန္ဒိယတွင် စက်ရုံတစ်ခု တည်ထောင်ရေး ဆွေးနွေးနေကြောင်းလည်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။
အထက်ပါ သတင်းများမှာ အိန္ဒိယအတွက် သတင်းကောင်းများပင် ဖြစ်သည်။
အိန္ဒိယသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း လေထုညစ်ညမ်းမှု သိသာစွာ လျှော့ချနိုင်ခဲ့သည်။
အိန္ဒိယသည် ၁၄ နှစ်အတွင်း လေထုညစ်ညမ်းမှု ၃၃ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ကြောင်း ကုလသမဂ္ဂမှ အချက်အလက်များကို ကိုးကားပြီး ရိုက်တာသတင်းဌာနတွင် ဖော်ပြသည်။
သစ်တောဖုံးလွှမ်းမှုဧရိယာ မြင့်တက်လာခြင်းနှင့် ရုပ်ကြွင်းလောင်စာအစား အခြားလောင်စာသုံးစွဲမှု များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla signals eased tensions with country after buying nearly $2 billion of auto parts: ‘We will come out with a policy’ (autos)