• Home
  • Car News
  • Elon Musk ၏ Tesla မတိုင်မီ ၁၉၇၀ ပြည့်လွန်ကာလများကတည်းက ဂရိတွင် ထုတ်လုပ်ခဲ့သော လျှပ်စစ်ကား

Elon Musk ၏ Tesla မတိုင်မီ ၁၉၇၀ ပြည့်လွန်ကာလများကတည်းက ဂရိတွင် ထုတ်လုပ်ခဲ့သော လျှပ်စစ်ကား

  • 141 views

 


ဂရိနိုင်ငံ ၊ Syros ကျွန်းတွင် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ထုတ်လုပ်ခဲ့သော လျှပ်စစ်ကားသည် ကမ္ဘာ့ပထမဆုံး အများအပြား ထုတ်လုပ်ခဲ့သည့် လျှပ်စစ်ကားများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

Elon Musk ၏ Tesla မတိုင်မီ ဆယ်စုနှစ်များစွာကတည်းက ဂရိနိုင်ငံ ၊ Syros ကျွန်း Neorio စက်မှုဇုန်တွင် ထုတ်လုပ်ခဲ့သော Enfield 8000 အမည်ရှိ လျှပ်စစ်ကားသည် ဗြိတိန်အခြေစိုက် ဂရိလူမျိုးသန်းကြွယ်သူဌေး Giannis Goulandris က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

Goulandris တွင် Enfield Automotive အမည်ရှိ လုပ်ငန်းတစ်ခုရှိပြီး Isle of Wight ကျွန်းတွင် အခြေစိုက်သည်။

Goulandris က ယခုကားဒီဇိုင်းကို ၁၉၆၀ ပြည့်လွန်ကာလများကတည်းက စတင်ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

ဗြိတိန် လျှပ်စစ်ကောင်စီက လျှပ်စစ်ကားထုတ်လုပ်ရန် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ရာမှ Enfield 8000 စတင်မွေးဖွားလာခြင်း ဖြစ်သည်။


(ဗြိတိန်တွင် စတင်ထုတ်လုပ်ခဲ့)

ထိုလျှပ်စစ်ကား ထုတ်လုပ်ရန် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများအားလုံး ဗြိတိန်တွင် ပြုလုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်ရန် စီစဉ်ခဲ့သည်။

ထိုအချိန်က ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဘဝသာ ရှိသေးသူ ရော်နယ်ရေဂင် (နောင်အခါ သမ္မတဖြစ်လာ)က သူ၏ လေထုသန့်ရှင်းရေး ဥပဒေကို အထောက်အကူဖြစ်စေရန် ကယ်လီဖိုးနီးယား ပြည်နယ်အတွက် Enfield 8000 ၃ စင်း သယ်ယူရန် ကုန်တင်လေယာဉ်တစ်စင်း ဗြိတိန်သို့ စေလွှတ်ခဲ့သည်။

သို့သော် Enfield 8000 ကို အမေရိကန်တွင် လုံးဝ မထုတ်လုပ်ဖြစ်ခဲ့။

 

 

(ဟီလ်တန်ဟိုတယ်ရှေ့တွင် ရပ်တန့်ထားသော Enfield 8000 ကို တွေ့ရပုံ။ Public Domain ဓာတ်ပုံ ဖြစ်ပါသည်။)

 

စုစုပေါင်းအားဖြင့် Enfield 8000 အစင်းရေ ၁၂၀ ထုတ်လုပ်ခဲ့ပြီး ၆၅ စင်းကို လျှပ်စစ်ကောင်စီနှင့် အင်္ဂလန် နိုင်ငံတောင်ပိုင်းမှ လျှပ်စစ်ဘုတ်အဖွဲ့များက အသုံးပြုခဲ့သည်။

ယနေ့ကာလအထိ ဗြိတိန်တွင် Enfield 8000 ကားများ အရောင်းကြော်ငြာသည်ကို တွေ့နေရဆဲ ဖြစ်သည်။

Enfield 8000 တစ်စင်းကို ဗြိတိန်နိုင်ငံ ၊ ဆပ်ဖေါ့ခရိုင် Carlton Colville မြို့ရှိ East Anglia Transport ပြတိုက်တွင် ပြသထားသည်။

ဤကား၏ ထူးခြားသော လေခွင်းဒီဇိုင်းကို ဂရိနိုင်ငံသားတစ်ဦးဖြစ်သူ ကွန်စတန်တင် အဲ့ဒရက်တာ့စ်က ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။

သူသည် Enfield ၏ ဥက္ကဌနှင့် နည်းပညာပိုင်း မန်နေဂျင်းဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

 


(ဂရိတွင် ရွှေ့ပြောင်းထုတ်လုပ်)

ကုမ္ပဏီ၏ အမည်ကို Enfield –Neorion ဟု ပြောင်းလဲခဲ့ပြီးနောက် Enfield 8000 ကို ဂရိတွင် ထုတ်လုပ်ခဲ့သည်။

Enfield 8000 ကို ဂရိနိုင်ငံ ၊ Syros ကျွန်းတွင် အဘယ်ကြောင့် ထုတ်လုပ်ခဲ့သည်ဆိုခြင်းနှင့် စပ်လျဉ်းပြီး ယူဆချက်အမျိုးမျိုးရှိသည်။

ထိုအချိန်က ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာဖြစ်ခဲ့သူ Thanos Lebesis က ပြောပြသည်မှာ သူဌေးဖြစ်သူ Giannis Goulandris က ကုမ္ပဏီမှာ ဂရိလူမျိုးပိုင်ဆိုင်ပြီး ဒီဇိုင်းဆွဲသည်မှာလည်း ဂရိလူမျိုးဖြစ်ရာ ဂရိနိုင်ငံတွင် ထုတ်လုပ်သင့်ကြောင်း ယူဆခဲ့သည်ဟု ပြောပြသည်။

၁၉၇၀ ပြည့်လွန်ကာလများက တစ်ကမ္ဘာလုံးတွင် ရေနံအကျပ်အတည်းဆိုက်ခဲ့ရာ Enfield 8000 မှာ အလားအလာကောင်း ကြီးမားစွာရှိသည်ဟု ယူဆခဲ့ကြသည်။

သို့သော် ဂရိတွင် လျှပ်စစ်ဓာတ်အားအခွန်နှုန်းထားကြောင့် ဤကားမှာ အမြတ်အစွန်းရဖွယ်မရှိရာ ၁၉၇၇ တွင် ထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။

ကား၏ Performance တိုင်းမှာကား များစွာ မကောင်းလှ။
တစ်နာရီ မိုင် ၃၀ နှုန်းကို ၁၃ စက္ကန့်အောက်ဖြင့် ရရှိနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းမှာ ၄၈ မိုင်ခန့်သာ ဖြစ်သည်။

ဘက်ထရီမှာမူ အရှိန်နှေးနှေးဖြင့် မောင်းလျှင် မိုင် ၅၀ ခန့်သာ မောင်းနိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  The Electric Car Produced in Greece Decades Before Elon Musk’s Tesla (greekreporter)