ကားဈေးအနည်းငယ်ကျဆင်းလာပြီး ကျပ်သိန်း(၃၀၀)အထက်ကားများ အရောင်းအဝယ်ဖြစ်လာ
- 449 views
ပြီးခဲ့တဲ့သြဂုတ်လပိုင်းထဲက ပြည်တွင်းငွေကြေးဂယက်ကြောင့် ကားဈေးတွေ အဆမတန်မြင့်တက်ခဲ့ပါတယ်။ အိမ်စီးကားဈေးနှုန်းတွေဟာ အခုလက်ရှိမှာဈေးအနည်းငယ်ပြန်ကျဆင်းလာတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) က ဦးကျော်စွာထွန်းမြင့်က ပြောတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက LOTTE ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ အိုင်မြန်မာဟောက်ဒေါ့ကွန်းကနေ ကျင်းပတဲ့ အိမ်ခြံမြေနဲ့ ကားအရောင်းပြပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကိုဖြေကြားစဉ်က ပြောဆိုခဲ့ပါတယ်။
သြဂုတ်လထဲက ဈေးဆက်တိုက်မြင့်တက်ခဲ့တဲ့ လောင်စာဆီသုံး အိမ်စီးကားဈေးတွေဟာ စက်တင်ဘာလ လောက်မှာ တည်ငြိမ်လာပြီး အခုအောက်တိုဘာလမှာတော့ အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ ဝါရင့်ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ အဝယ်လိုက်လာပေမယ့် ကျပ်သိန်း(၃၀၀)အထက် မော်ဒယ်နိမ့်အိမ်စီးကားတွေ ပိုအရောင်းအဝယ် ဖြစ်လာတယ်လို့လည်း လောင်စာဆီသုံး အိမ်စီးကားဈေးကွက်ထဲကနေ သိရပါတယ်။
အစိုးရရဲ့ EV ကားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွေကြောင့် ပြည်တွင်းမှာ EV ကားဈေးကွက်ဟာလည်း လူကြိုက်များနေပါတယ်။ ပြည်တွင်းဈေးကွက်ထဲကို EV မော်တော်ကားတွေဟာ လစဉ်ရာနဲ့ချီ ဝင်ရောက်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
လောင်စာဆီသုံး (Intetnal Combustion Engine ( ICE) ) ကား ဈေးကွက် အရောင်းအဝယ်ပြန်ဖြစ်လာပေမယ့် လောင်စာဆီသုံး အိမ်စီးကား တင်သွင်းခွင့်ကိုတော့ အစိုးရအနေနဲ့ ပိတ်ထားဆဲဖြစ်ပါတယ်။ အခုဈေးကွက်ထဲမှာတော့ အနိမ့်ဆုံး ကျပ်သိန်း(၃၀၀)၊ ကျပ်သိန်း(၄၀၀)အထက် အိမ်စီးကားတွေနဲ့ အမြင့်ကျပ် သိန်း (၁၀၀၀)အောက်ကားတွေ အရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ ဝါရင့်ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com