• Home
  • Car News
  • ကမ္ဘာကျော်သူဌေးကြီး အရစ္စတိုတယ် အိုနာစစ် ပိုင်ဆိုင်ခဲ့ဖူးသော ၁၉၆၇ ခုနှစ်ထုတ် Ferrari 330 GTC ကား လေလံတင်ထားရာ လက်ရှိအချိန်အထိ ဒေါ်လာ ၄၇၆၀၀၀ ပေးထားသူရှိ

ကမ္ဘာကျော်သူဌေးကြီး အရစ္စတိုတယ် အိုနာစစ် ပိုင်ဆိုင်ခဲ့ဖူးသော ၁၉၆၇ ခုနှစ်ထုတ် Ferrari 330 GTC ကား လေလံတင်ထားရာ လက်ရှိအချိန်အထိ ဒေါ်လာ ၄၇၆၀၀၀ ပေးထားသူရှိ

  • 177 views

 

အရစ္စတိုတယ်ဟူသည်ကား ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ခန့်က ပေါ်ပေါက်ခဲ့သော အတွေးအခေါ် ပညာရှင်ကြီး ဖြစ်သည်။

အရစ္စတိုတယ် အိုနာစစ်မှာမူ ဂရိလုပ်ငန်းရှင်သူဌေးကြီး ဖြစ်သည်။

အရစ္စတိုတယ် အိုနာစစ်သည် ကမ္ဘာပေါ်တွင် သင်္ဘောအများဆုံး ပိုင်ဆိုင်ခဲ့သော သူဌေးကြီးအဖြစ် ကျော်ကြားခဲ့ ရုံမျှမက အမေရိကန်သမ္မတ ကတော်ဟောင်း ဂျက်ကလင်းကနေဒီနှင့် ၁၉၆၈ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ကွယ်လွန်ချိန် ၁၉၇၅ ခုနှစ်အထိ ပေါင်းသင်းနေထိုင်ခဲ့မှုဖြင့်လည်း လူသိများသည်။

 

အရစ္စတိုတယ် အိုနာစစ် ဖြတ်သန်းခဲ့သော ဘဝသက်တမ်း နှစ်ပေါင်းများစွာအတွင်း Lamborghini Miura P400S, Rolls-Royce Silver Wraith, Porsche 356 နှင့် Mercedes-Benz 600 တို့ကဲ့သို့ကားများ ပိုင်ဆိုင်ခဲ့သည်။

၁၉၆၇ နှစ်ကုန်ပိုင်းတွင် အိုနာစစ်သည် Ferrari 330 GTC တစ်စင်း ဝယ်ယူခဲ့သည်။

အိုနာစစ် တစ်နှစ်ခန့် စီးနင်းခဲ့သော အဆိုပါကားသည် ယခုအခါ အမေရိကန်သို့ ရောက်ရှိနေပြီး အရောင်းဈေးကွက်ဝင်လျက် ရှိသည်။

အိုနာစစ်၏ကား အမေရိကန်သို့ မည်သို့ ရောက်ရှိလာသနည်း။

 

 

အိုနာစစ်က အီတလီ ကားဝယ်ရောင်းတစ်ဦးထံ ၁၉၆၈ ခုနှစ်တွင် ရောင်းချပြီးနောက်ပိုင်း မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သနည်း။

မီလန်မြို့မှ ကားဝယ်ရောင်းသမား M.Gastone Crepaldi က ယခုကားကို အမေရိကန်တွင် ရောက်ရှိနေသော Ferrari ၏ ပြိုင်ကားမောင်းသမား Luigi Chinetti ထံ ပေးပို့ခဲ့သည်။

Ferrari တည်ထောင်သူ Enzo Ferrari က Luigi Chinetti ကို အမေရိကန်ဈေးကွက်တွင် Ferrari ဖြန့်ဖြူးသူအဖြစ် ခန့်ထားခဲ့ခြင်း ဖြစ်သည်။

 

330 GTC သည် Empire State ဟု ခေါ်ကြသော နယူးယောက်ပြည်နယ်နှင့် Keystone State ဟု လူသိများ သော ပန်ဆယ်ဗေးနီးယားပြည်နယ်တို့တွင် နှစ်အတန်ကြာ ရှိနေခဲ့သည်။
ယင်းနောက်ပိုင်း ဆယ်စုနှစ် ၃ ခုခန့် သိုဝှက်တိမ်မြုပ်နေခဲ့သည်။

လက်ရှိပိုင်ရှင်က Chassis နံပါတ် ၁၀၆၃၉ ရှိသော ဤကားကို ၂၀၂၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ပြီး ဆန်ဒီယေဂိုမြို့ ရှိ Bobileff မော်တော်ကားကုမ္ပဏီထံ အပ်နှံကာ ပြန်လည်မွမ်းမံမှု ပြုလုပ်ခဲ့သည်။

အဆိုပါကုမ္ပဏီက ကား၏ မူရင်းသွင်ပြင်ကို ထိခိုက်စေခြင်းမရှိဘဲ ဆေးရောင် ၊ ကားအောက်ပိုင်း ၊ အင်ဂျင်နှင့် Transmission တို့အပါအဝင် လိုအပ်သည့်အရာအားလုံးကို ပြန်လည် မွမ်းမံခဲ့သည်။

 

ဂျာမနီထုတ် Vintage ရေဒီယိုတစ်လုံးလည်း ပြန်လည်တပ်ဆင်ခဲ့ပြီးနောက် 330 GTC သည် ယခင်အခြေအနေ သို့ ၂၀၂၃ သြဂုတ်လတွင် ပြန်လည် ရရှိခဲ့သည်။

လေလံအချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ၁၉၆၇ ခုနှစ်ထုတ် 330 GTC ၄ စင်းထက် မနည်း အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

လေလံအောင်မြင်ခဲ့မှု ဈေးအနည်းဆုံးနှင့် အများဆုံးမှာ ကန်ဒေါ်လာ ၄၈၀၇၅၀ နှင့် ကန်ဒေါ်လာ ၆၁၀၀၀၀ တို့ ဖြစ်သည်။
ယခု 330 GTC သည် ဒေါ်လာ ၅၀၀၀၀၀ ကျော် ရရှိမည်ဟု ခန့်မှန်းထားသည်။

 

 

(မှတ်ချက်။ နောက်ဆုံးသတင်းများအရ ကန်ဒေါ်လာ ၆၁၅၀၀၀ ဖြင့် လေလံအောင်သွားသည်ဟု သိရသည်။)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Originally Owned by Aristotle Onassis, This Exquisite 1967 Ferrari 330 GTC Is Up for Grabs (autoevolution)