- Home
- Car News
- အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်တွင် သတ်မှတ် မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ခဲ့သော အမျိုးသား ဒေါ်လာ ၁ ဒသမ ၄ သန်း ဒဏ်ရိုက်ခံရ
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်တွင် သတ်မှတ် မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်ခဲ့သော အမျိုးသား ဒေါ်လာ ၁ ဒသမ ၄ သန်း ဒဏ်ရိုက်ခံရ
- 193 views
အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာပြည်နယ်တွင် အဝေးပြေးလမ်းမပေါ်၌ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခဲ့သော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဒေါ်လာ ၁ ဒသမ ၄ သန်း ဒဏ်ရိုက်ခဲ့သည်ဟု ဆိုသည်။
ကော်နာ ကေတို (Connor Cato) အမည်ရှိ အမျိုးသားသည် ပြီးခဲ့သော စက်တင်ဘာ ၂ ရက်က ဂျော်ဂျီယာ ပြည်နယ် ဆဗားနားမြို့ကို ဖြတ်သန်းကာ ကားမောင်းနေစဉ် ဂျော်ဂျီယာမှ ကင်းလှည့်အဖွဲ့က ၎င်းအား တစ်နာရီ လျှင် ၅၅ မိုင်နှုန်းသာ မောင်းနှင်ရမည့် နေရာတွင် မိုင် ၉၀ နှုန်း မောင်းနှင်ခဲ့သောကြောင့် ဖမ်းဆီးခံရကြောင်း WSAV-TV ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြသည်။
ဒဏ်ငွေ အများအပြားပေးဆောင်ရမည်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း ဒေါ်လာ သန်းဂဏန်း ပေးဆောင် စေခဲ့သည်ကို သိလိုက်ရချိန်တွင် အံ့သြမှင်သက်သွားခဲ့သည်။
ကော်နာက တရားရုံးသို့ ဆက်သွယ်ခဲ့ပြီး ဒဏ်ကြေးငွေမှာ ကိန်းဂဏန်းမှားယွင်း ရိုက်နှိပ်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပြောခဲ့သည်။
သို့သော် ထိုဒဏ်ငွေအား ပေးဆောင်ရန်နှင့် မပေးဆောင်ပါက တရားရုံးတွင် အမှုရင်ဆိုင်ရန် ကော်နာအား ပြောခဲ့သည်ဟု ဆိုသည်။
“ဒေါ်လာ ၁ ဒသမ ၄ သန်းလို့ အဲဒီအမျိုးသမီးက ဖုန်းနဲ့ပြောပါတယ်။ ကျွန်တော်က စာလုံးပေါင်းမှားရိုက်တာ ဖြစ်နိုင်တယ်လို့ ပြောတော့ သူက… မဟုတ်ပါဘူးဆရာ။ လူကြီးမင်းအနေနဲ့ ဒီဒဏ်ကြေးငွေကို ပေးဆောင်ရင် ပေးဆောင်… ဒါမှမဟုတ် ဒီဇင်ဘာလ ၂၁ ရက် နေ့လည် ၁း၃၀ အချိန်မှာ တရားရုံးကို လာရမှာပါလို့ ပြောပါ တယ်။”ဟု ကော်နာက အဆိုပါ ရုပ်သံသတင်းဌာနကို ပြောသည်။
(ကော်နာမှာ သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်မှုဖြင့် ဒေါ်လာ ၁ ဒသမ ၄ သန်း ဒဏ်ရိုက်ခံခဲ့ရသည်။ ဓာတ်ပုံ-Getty Images)
တရားခံရှေ့နေ Sneh Patel ကပြောသည်မှာ ယခုအမှုမျိုးအတွက် ဤမျှများပြားသည့် ဒဏ်ငွေ တခါမှ မကြားဖူးကြောင်း ပြောကြားသည်။
“ဒေါ်လာ ၁ ဒသမ ၄ သန်းဆိုတာက မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ၊ လူသတ်မှုတွေ ဒါမှမဟုတ် အပြင်းအထန် နာကျင်စေမှုလိုမျိုးတွေမှာ တွေ့ရတာ ဖြစ်ပါတယ်”ဟု တရားခံရှေ့နေက WSAV သို့ပြောသည်။
(ဂဏန်းမှားရိုက်ခြင်းဟု ထင်ခဲ့သော်လည်း ထိုဒဏ်ငွေကို မပေးဆောင်လျှင် တရားရုံးတွင် အမှုရင်ဆိုင်ရန် ပြောဆိုခြင်းခံခဲ့ရသည်။ ဓာတ်ပုံ-WSAV)
ဆဗားနားမြို့ အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Joshua Peacock က ပြောသည်မှာ ယခုဒဏ်ငွေကို အလိုအလျောက်စနစ် အသုံးပြုသည့် ဆော့ဖ်ဝဲတစ်ခုက ထုတ်ပေးခြင်းဖြစ်ကြောင်း၊ သတ်မှတ်မိုင်နှုန်းထက် ၃၅ မိုင်ကျော် မောင်းနှင်သူတိုင်းကို အလိုအလျောက် ဒဏ်ငွေထုတ်ပေးသည့် ဆော့ဖ်ဝဲဖြစ်ကြောင်း ပြောသည်။
ကော်နာသည် တရားရုံးသို့ရောက်ရှိပါက တရားသူကြီးတစ်ဦးက အမှန်တကယ်ပေးဆောင်ရမည့် ဒဏ်ငွေကို ချမှတ်မည်ဖြစ်ပြီး ဒေါ်လာ ၁၀၀၀ ထက် မကျော်လွန်နိုင်ချေ။
(ဒဏ်ကြေးဖြတ်ပိုင်းကို အလိုအလျောက်စနစ်သုံး ဆော့ဖ်ဝဲတစ်ခုက ထုတ်ပေးခြင်းဖြစ်သည်။ ဓာတ်ပုံ-Getty Images)
ဆဗားနားမြို့တွင် အဆိုပါ ဆော့ဖ်ဝဲကို ၂၀၁၇ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Georgia man slapped with $1.4M speeding ticket for driving 35 mph over limit (nypost)