• Home
  • Car News
  • Toyota က ၁၀ မိနစ် အားသွင်းရုံဖြင့် ၉၃၂ မိုင် မောင်းနိုင်မည့် EV ဘက်ထရီများကို Idemitsu နှင့် ပူးပေါင်းကာ အလုံးအရင်းထုတ်လုပ်မည်

Toyota က ၁၀ မိနစ် အားသွင်းရုံဖြင့် ၉၃၂ မိုင် မောင်းနိုင်မည့် EV ဘက်ထရီများကို Idemitsu နှင့် ပူးပေါင်းကာ အလုံးအရင်းထုတ်လုပ်မည်

  • 289 views

 

Toyota ကုမ္ပဏီသည် အခဲဘက်ထရီ (Solid-state battery) များကို ဂျပန်မှ ရေနံသန့်စင်သည့် ကုမ္ပဏီကြီး Idemitsu Kosan နှင့် ပူးပေါင်းကာ အလုံးအရင်း ထုတ်လုပ်သွားရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ next-generation ဘက်ထရီများကို ၂၀၂၇ -၂၈ တွင် ဈေးကွက်သို့ စတင်ပို့ဆောင်မည်ဖြစ်ပြီး အလုံးအရင်း ထုတ်လုပ်သွားရန် ရည်မှန်းထားသည်။

Toyota သည် EV များကို မဏ္ဍိုင်ပြုရန် မဟာဗျူဟာအရ EV များ မောင်းနှင်နိုင်မှု ခရီးအကွာအဝေး များစွာ မြင့်တက်စေမည့် ဘက်ထရီများ ထုတ်လုပ်သွားရန် စီမံချက်ချခဲ့ကြောင်း တိုယိုတာကထုတ်ပြန်သည်။

တိုယိုတာ၏ ထုတ်ပြန်ချက်အရ ယခုနည်းပညာသစ်တွင် ၁၀ မိနစ်ခန့် အားတစ်ကြိမ်သွင်းရုံဖြင့် ၉၃၂ မိုင်အထိ မောင်းနှင်နိုင်လာမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Idemitsu Kosan သည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးမားဆုံး ရေနံသန့်စင်သည့် ကုမ္ပဏီကြီးဖြစ်ရာ EV နယ်ပယ် တွင် အတန်ငယ် စိမ်းနေဖွယ်ရှိသည်။

သို့သော် တိုယိုတာက ပြောသည်မှာ Idemitsu Kosan သည် ဘက်ထရီများနှင့် ပတ်သက်သည့် နည်းပညာများ ကို ၂၀၀၁ ခုနှစ်ကတည်းက လေ့လာဖော်ထုတ်နေခဲ့ကြောင်း ၊ တိုယိုတာက ဘက်ထရီထုတ်လုပ်မှုနယ်သို့ ၂၀၀၆ ခုနှစ်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ရာ တိုယိုတာထက်ပင် ၅ နှစ်စောကြောင်း ပြောသည်။

 

 

 


(တိုယိုတာ၏ ဥက္ကဌ ၊ စီအီးအို Koji Sato -ဝဲ-နှင့် Idemitsu Kosan ၏ ဥက္ကဌ ၊စီအီးအို Shunichi Kito-ယာ-တို့ကို တွေ့ရပုံ။ ဓာတ်ပုံ-Toyota)

 


ထူးခြားသည့်အချက်မှာ Idemitsu Kosan သည် ဘက်ထရီများအတွက် ပစ္စည်းတစ်မျိုးထုတ်လုပ်နေခြင်းဖြစ်ရာ အခဲဆာလ်ဖိုက် အီလက်ထရိုလိုက် ဖြစ်သည်။

၎င်းတို့ ကုမ္ပဏီ ၂ ခု ပူးပေါင်းကာ Idemitsu Kosan က စမ်းသပ်ထားသော ပစ္စည်းကို တိုယိုတာ၏ အခဲဘက်ထရီများ ထုတ်လုပ်နိုင်စွမ်းနှင့် ပူးပေါင်းကာ ဖောက်သည်များလက်သို့ ရောက်ရှိသည်အထိ လက်တွေ့ အကောင်အထည်ဖော် ထုတ်လုပ်သွားမည် ဖြစ်သည်။

 

 

 

 

(Idemitsu Kosan ၏ အခဲအီလက်ထရိုလိုက်များ ထုတ်လုပ်ရာ အသေးစား စက်ရုံတစ်ခု။ ဓာတ်ပုံ-Toyota)

 

 

တိုယိုတာသည် ယခုအခါ Tesla နှင့် တရုတ်ပြည်မှ BYD တို့ကဲ့သို့ ကုမ္ပဏီများ၏နောက်တွင် EV ဈေးကွက်၌ ကျန်ရစ်ခဲ့မှုကို ပြန်လည် ထိုးဖောက်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

Toyota က ပြောသည်မှာ နည်းပညာပိုင်း အောင်မြင်မှုတစ်ခု တွေ့ရှိထားကြောင်း ၊ ထိုနည်းပညာမှာ အခဲဘက်ထရီများ၏ မောင်းနှင်နိုင်မှု ကြာချိန်ကို ဖြေရှင်းပေးနိုင်ပြီး အလုံးအရင်း ထုတ်လုပ်ရန် စီစဉ်နေကြောင်း ပြောသည်။

“Idemitsu Kosan ရဲ့ ဘက်ထရီသုံးပစ္စည်း ထုတ်လုပ်မှု နည်းပညာနဲ့ တိုယိုတာရဲ့ ဘက်ထရီအလုံးအရင်း ထုတ်လုပ်တဲ့ နည်းပညာတို့ ပူးပေါင်းပြီး ကျွန်တော်တို့ဟာ အခဲဘက်ထရီတွေ အလုံးအရင်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု တိုယိုတာ၏ စီအီးအို Koji Sato က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Toyota Inks Deal to Mass Produce Solid State EV Batteries With 932-Mile Range  (pcmag, reuters )