• Home
  • Car News
  • Tesla က Model 3 နှင့် Model Y ကားများကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားချထားပေးမည်ဟုဆို

Tesla က Model 3 နှင့် Model Y ကားများကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားချထားပေးမည်ဟုဆို

  • 351 views

 

Tesla သည် မကြာသေးမီက အမေရိကန်ပြည်ထောင်စုတွင် Model 3 နှင့် Model Y ကားများကို ဈေးနှုန်း လျှော့ချပေးခဲ့ရာ ရင်းနှီးမြှုပ်နှံသူများကြား ဂယက်ရိုက်ခဲ့သည်။

ယခုအခါ Tesla က အဆိုပါ ကားမော်ဒယ် ၂ မျိုးကို အငှားချထားပေးမည်ဟု ထပ်မံထုတ်ပြန်လာသည်။

သင့်အနေဖြင့် Model 3 RWD ကို တလလျှင် ဒေါ်လာ ၂၅၀ နှုန်းဖြင့် ၂ နှစ်စာချုပ်ချုပ်ကာ ငှားရမ်းနိုင်မည် ဖြစ်သည်။

သို့သော် သတိပြုရမည့်အချက်တခု ရှိသည်။

စာချုပ်သက်တမ်း ကုန်ဆုံးပါက ထိုကားကို ပိုင်ဆိုင်မည် မဟုတ်ချေ။

Tesla သည် ယခုနှစ် တတိယ ၃ လပတ်အတွင်း ရောင်းအားကျဆင်းမှုကြောင့် ဖြစ်နိုင်သမျှ ကားများများ ရောင်းရရန် အဆောတလျင် ကြိုးပမ်းနေသည်။

 

 

ထိုတတိယ ၃ လပတ်အတွင်း Tesla ၏ ထုတ်လုပ်မှု များပြားသော စက်ရုံများ၏ ထုတ်လုပ်မှု လုပ်ငန်းခွင် နေရာများ အဆင့်မြှင့်တင်ရန် ရပ်ဆိုင်းထားခဲ့ရသည်။

ထိုစက်ရုံများမှာ Fremont ၊ Giga Shanghai နှင့် Giga Austin တို့ ဖြစ်ကြသည်။

ထိုသို့ ထုတ်လုပ်မှု ရပ်ဆိုင်းရခြင်းကြောင့် ရင်းနှီးမြှပ်နှံသူများအတွက် ထိခိုက်မှု မဖြစ်စေနိုင်ကြောင်း ကြိုတင်ကြေညာထားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများကမူ တတိယ ၃ လပတ်အတွင်း ရောင်းအားကျဆင်းမှုအပေါ် စိုးရိမ်မှုများ ဖြစ်နေသည်။

 

 

ထို့အပြင် Tesla က ကားမော်ဒယ် ၂ မျိုးကို ဈေးနှုန်းလျှော့ချကြောင်း အောက်တိုဘာလအတွင်း ကြေညာခဲ့ရာ Tesla တွင် ဝယ်လိုအား ပြဿနာ ရင်ဆိုင်နေရကြောင်း အများက ယူဆလာကြသည်။

ဈေးနှုန်းလျှော့ချမှုအစား ကြော်ငြာများလုပ်ဆောင်ခြင်းက ပိုမိုအကျိုးရှိကြောင်း ဆွေးနွေးမှုများ ရှိလာသည်။

Tesla အနေဖြင့် တနှစ်တာရလဒ်ကိုသာ အာရုံစိုက်ထားဟန်ရပြီး စတုတ္ထ ၃ လပတ် ရောင်းအားမှာ အရေးကြီးလာသည်။

တတိယ ၃ လပတ်တွင် စိတ်ပျက်ဖွယ်ရောင်းအားနှင့် ရင်ဆိုင်ရခဲ့သောကြောင့် စတုတ္ထ ၃ လပတ်တွင် ကားအစင်းရေ ၄၈၀,၀၀၀ ရောင်းချရမှသာလျှင် ၂၀၂၃ ခုနှစ် ရောင်းအားရည်မှန်းချက်ဖြစ်သော အစင်းရေ ၁ ဒသမ ၈ သန်းသို့ ရောက်ရှိမည်ဖြစ်သည်။

 

 

ဒုတိယ ၃ လပတ်တွင် အစင်းရေ ၄၆၆၀၀၀ နှင့် တတိယ ၃ လပတ်တွင် အစင်းရေ ၄၃၅၀၀၀ ရောင်းချခဲ့ရာ ထုတ်လုပ်သည့် စက်ရုံများ အပြည့်မလည်ပတ်နိုင်သေးချိန်တွင် ရည်မှန်းချက်သို့ ရောက်ရှိရန်မှာ ခက်ခဲမည် ဖြစ်သည်။

ထိုရည်မှန်းချက်သို့ ရောက်ရန်အတွက် ဆုနှင့်ဒဏ် ၂ မျိုးလုံးဖြင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဆုမှာ အငှားချထားပေးခြင်းဖြစ်ပြီး မည်သူမျှ မငြင်းနိုင်မည့်အရာမျိုးလည်း ဖြစ်သည်။

ဒဏ်မှာကား ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလမှစပြီး အခွန်စည်းမျဉ်းများ ပြောင်းလဲမည်ဖြစ်ရာ မက်လုံးများ ထက်ဝက် ခန့် လျော့ကျသွားဖွယ်ရှိသည်။

 

 

အငှားချထားမှု ကဏ္ဍတွင် Model 3 RWD မော်ဒယ်ကို တလလျှင် ဒေါ်လာ ၂၅၀ ဖြင့် ၂ နှစ်စာချုပ် ငှားရမ်း ပေးမည် ဖြစ်သည်။

အံ့အားသင့်ဖွယ်ကောင်းသည်မှာ ၃ နှစ်ငှားရမ်းလျှင် ပိုမိုဈေးကြီးနေပြီး တလလျှင် ၃၂၉ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။

Model Y RWD ကို ၂ နှစ်စာချုပ်ဖြင့်ဆိုလျှင် တလလျှင် ၃၆၃ ဒေါ်လာ ပေးရမည်ဖြစ်ပြီး ၃ နှစ်စာချုပ်ဆိုပါက တလလျှင် ၃၉၉ ဒေါ်လာ ပေးရမည်ဖြစ်သည်။

သတိပြုရမည်မှာ စာချုပ်သက်တမ်းကုန်ဆုံးပါက ထိုကားကို သင်ပိုင်ဆိုင်မည် မဟုတ်ချေ။

 

 

၂ နှစ်စာချုပ်တွင် ဈေးနည်းရခြင်းအကြောင်းရင်းမှာ Tesla အနေဖြင့် ထိုကားကို ရောင်းချနိုင်ခြင်းကြောင့် ဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းတွင် ပြည်တွင်းအကောက်ခွန်စည်းမျဉ်းများ ပြောင်းလဲမည်ဖြစ်သောကြောင့် ဖောက်သည်များအနေဖြင့်အမြန်ငှားရမ်းကြရန် Tesla က သတိပေးနှိုးဆော်ထားသည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Tesla launched an unbeatable leasing offer for model 3 and model y but there's a catch  (autoevolution)