• Home
  • Car News
  • ဓာတ်ငွေ့ဆိုင်တွင် တန်းစီရပ်ထားသော ကားကို နောက်ခန်းသို့ မကြည့်ဘဲ မောင်းပြေးသည့် ကားသူခိုး၏ ဖြစ်ပုံ

ဓာတ်ငွေ့ဆိုင်တွင် တန်းစီရပ်ထားသော ကားကို နောက်ခန်းသို့ မကြည့်ဘဲ မောင်းပြေးသည့် ကားသူခိုး၏ ဖြစ်ပုံ

  • 363 views

 

ခေတ်မီနည်းပညာကြောင့် ကားသူခိုး၏ ခိုးယူခြင်းခံရသော ကားတစင်းကို ပြန်လည်ရယူနိုင်ခဲ့သည်။

မကြာသေးမီကလည်း Apple ထုတ်ခြေရာခံပစ္စည်းဖြစ်သော Airtag ဖြင့် ကားသူခိုးအား ဖမ်းဆီးရမိခဲ့ပုံ သတင်းကို Cars DB တွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

အမေရိကန်ပြည် ၊ အတ္တလန္တာမြို့တွင် Northside Drive SW လမ်းရှိ Texaca ဓာတ်ငွေ့ဆိုင်တွင် ရပ်နားထားသော ကားတစင်းကို ကားသူခိုးတဦးက ခိုးယူမောင်းပြေးခဲ့သည်။

သူခိုးမှာ အလျင်စလို မောင်းပြေးရခြင်းဖြစ်သောကြောင့် ကားနောက်ခန်းကို မကြည့်မိသကဲ့သို့ ကားထဲတွင် ခေတ်မီနည်းပညာတခု ရှိနေကြောင်းလည်း သတိမပြုမိခဲ့။

 

 

ကားပိုင်ရှင်က ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားခဲ့သည်။

မိမိကား ခိုးယူခံလိုက်ရပြီး ကားထဲတွင် ကလေးငယ်တဦးပါသွားကြောင်း အကြောင်းကြားခဲ့သည်။

ဓာတ်ငွေ့ဆိုင်သို့ ရဲအရာရှိများ ရောက်ရှိလာချိန်တွင် ကားပိုင်ရှင်က သူ၏ကားမည်သည့်နေရာသို့ ရောက်နေသည်ကို ရဲအရာရှိများအား အတိအကျ ပြောပြခဲ့သည်။

ကားထဲတွင် ကျန်ခဲ့သော iPad ကြောင့် ကားတည်နေရာကို သိနိုင်ခြင်း ဖြစ်သည်။

 

 

 

Apple ထုတ် Tablet သည် Find My Network ကို အသုံးပြုကာ တည်နေရာအား ပိုင်ရှင်ထံ အင်တာနက်မှ တဆင့် ပေးပို့သည်။

Find My App သည် အဆိုပါ ပစ္စည်းခိုးယူခံရပါက တည်နေရာကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးရာ ပိုင်ရှင်အနေဖြင့် တည်နေရာကို ခြေရာခံနိုင်ပြီး tablet ကို Lock ချခြင်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ရဲအရာရှိတို့က ကားတည်နေရာကို  ကြည့်ရာ ဓာတ်ငွေ့ဆိုင်မှ ၀ ဒသမ ၄ မိုင်အကွာတွင် ရောက်ရှိနေပြီး ဆက်လက်ရွေ့လျားခြင်းမရှိတော့သည်ကို တွေ့ရသည်။

ထို့ကြောင့် ထိုနေရာသို့ ချက်ချင်း သွားရောက်ခဲ့ကြရာ ကွင်းပြင်တခုအတွင်း ရပ်နားထားသည်ကို တွေ့ရပြီး ကားပေါ်တွင် ကားသူခိုးကို မတွေ့ရ။

 

 

ရဲအရာရှိလည်း ပြတင်းမှန်ကို ခွဲလိုက်ရာ ကားထဲတွင် ကလေးငယ်ကို ဘေးကင်းစွာ တွေ့ရသည့်အပြင် iPad ကိုလည်း တွေ့ရသည်။

ကားသူခိုးမှာ ကားထဲတွင် ကလေးငယ်ကို တွေ့လိုက်သောကြောင့် ကားကိုထားခဲ့ရန် ဆုံးဖြတ်ခဲ့နိုင်ခြင်း ဖြစ်နိုင်သည်။

ရဲတပ်ဖွဲ့သည် သံသယရှိသူကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

ဓာတ်ငွေ့ဆိုင်မှ CCTV မှတ်တမ်းရရှိထားရာ ကာလကြာရှည် ရှာဖွေရဖွယ် မရှိချေ။

 

 

ခြေရာခံနည်းပညာသည် ကားပိုင်ရှင်များအတွက် မရှိမဖြစ်အရေးပါလာလျက်ရှိပြီး ကားပိုင်ရှင်များစွာမှာ Apple ထုတ် Air Tag များကို အသုံးပြုလာကြသည်။

iPhone  နှင့် iPad များမှာ ကားသူခိုးမှ လွှင့်ပစ်လိုက်ပါက ကားကို ခြေရာခံရန် မဖြစ်နိုင်တော့ချေ။

Aie Tag များ ကားတွင်ထားရှိခြင်းမှာမူ အလွယ်တကူ မသိနိုင်ချေ။

 

 

သို့သော် Air Tag များမှာ စမတ်ဖုန်း ၊ တက်ဘလက်တို့ကဲ့သို့ Buit-in အင်တာနက်ဆက်သွယ်မှု မပါဝင်ဘဲ အနီးရှိ iphone ထံသာ အချက်ပြခြင်းဖြစ်သည်။

Air Tag များကို ပြန်လည်အားသွင်းသုံးစွဲ၍ မရ။

CR2032 ဘက်ထရီတပ်ဆင်ထားပြီး ဘက်ထရီအား သက်တမ်းမှာ ၆ လဝန်းကျင်ဖြစ်သည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

 

Ref:  Thief Drives Away in Car Stopped at Gas Station, Forgets to Check Out the Back Seat (autoevolution)