- Home
- Car News
- တန် ၄၀ Mercedes-Benz လျှပ်စစ်ထရပ်ကားကို ဂျာမနီမှ အီတလီသို့ အသွားအပြန်ခရီး စမ်းသပ်မောင်းနှင်ရာ လမ်းတွင် တကြိမ်သာ အားသွင်းခဲ့ရ
တန် ၄၀ Mercedes-Benz လျှပ်စစ်ထရပ်ကားကို ဂျာမနီမှ အီတလီသို့ အသွားအပြန်ခရီး စမ်းသပ်မောင်းနှင်ရာ လမ်းတွင် တကြိမ်သာ အားသွင်းခဲ့ရ
- 233 views
Mercedes-Benz eActros 600 လျှပ်စစ်ထရပ်ကားကို အဲလ်ပ်တောင်တန်းကြီးပေါ် ဖြတ်သန်းကာ ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) ကျော် ခရီးစမ်းသပ်မောင်းနှင်ခဲ့ရာ လမ်းတွင် တကြိမ်သာ အားသွင်းခဲ့ရသည်။
ထုတ်လုပ်သည့် အင်ဂျင်နီယာတို့က eActros 600 လျှပ်စစ် နမူနာကားကို ခရီးဝေးသယ်ယူပို့ဆောင်မှုအတွက် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့သည် eActros 600 ကို ကုန်စည် တန်ချိန် ၄၀ ကျော်တင်ပြီး ဂျာမနီနိုင်ငံ၊ စတုဂတ်မှ စတင်ထွက်ခွာ ကာ Swabian Jura တောင်တန်းကို ဖြတ်ကျော်၍ အီတလီနိုင်ငံ၊ Bolzano သို့ မောင်းနှင်ခဲ့ကြသည်။
မတ်စောက်သော တောင်ဆင်းတောင်တက်လမ်းများ၊ ကြမ်းတမ်းခက်ခဲသော လမ်းနေရာများ ဖြတ်သန်း မောင်းနှင်ခဲ့ရသည်။
Mercedes-Benz လျှပ်စစ် ထရပ်ကားသည် Bolzano အထိ ၅၃၀ ကီလိုမီတာ ခရီးကို လမ်းတွင်အားမသွင်းရဘဲ အရောက်မောင်းနိုင်ခဲ့ပြီး ကြာချိန်မှာ ၇ နာရီခန့် ဖြစ်သည်။
ယင်းနောက် Bolzano တွင် အားသွင်းပြီး စတုဂတ်သို့ ပြန်လည်မောင်းနှင်ခဲ့ရာ အပြန်လမ်းတွင်လည်း အားမသွင်းခဲ့ရ။
ထို့ကြောင့် တန် ၄၀ eActros 600 သည် စုစုပေါင်း ကီလိုမီတာ ၁၀၀၀ ကျော် အသွားအပြန်ခရီးကို လမ်းတွင် တကြိမ်သာ အားသွင်းခဲ့ရသည်။
eActros 600 တွင် လီသီယမ် အိုင်းယွန်း ဖော့စ်ဖိတ်ဘက်ထရီ ၃ လုံး တပ်ဆင်ထားပြီး စုစုပေါင်း အထွက်အား မှာ 600kWh ရှိသည်။
ထို့အပြင် 400 Kw ရှိသည့် လျှပ်စစ်မော်တာ ၂ လုံး တပ်ဆင်ထားသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း Mercedes က ပြောခဲ့သည်မှာ eActros 600 သည် အားတခါသွင်းထား လျှင် ကီလိုမီတာ ၅၀၀ (၃၁၀ မိုင်) ခန့် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
eActros 600 ကို နာရီဝက်အားသွင်းလျှင် ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြား ရောက်ရှိနိုင်မည် ဖြစ်သည်။
eActros 600 ကို သက်တမ်း ၁၀ နှစ်အတွင်း ခရီး ကီလိုမီတာ ၁ ဒသမ ၂ သန်း သွားနိုင်ရန် ထုတ်လုပ်ထားသည်။
ဈေးကွက်တင်ချိန်တွင် နောက်တွဲပါ ကုန်တင်ယာဉ်နှင့် ၈ တန်အထက် Rigid truck တို့အဖြစ် ပုံစံ ၂ မျိုးဖြင့် ထွက်ရှိလာမည် ဖြစ်သည်။
အောက်တိုဘာလ ၁၀ ရက်တွင် တရားဝင်ကြေညာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု စတင်ဖွယ်ရှိ ကြောင်း ခန့်မှန်းရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A 40-ton Mercedes-Benz e-truck just drove 1,000 km with only one stop to charge (electrek)