- Home
- Car News
- ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်အားလုံး ယာဉ်ဘေးနှစ်ဖက်တွင် အဝါရောင်လိုင်း စတေကာများ တပ်ဆင်ရမည်
ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်အားလုံး ယာဉ်ဘေးနှစ်ဖက်တွင် အဝါရောင်လိုင်း စတေကာများ တပ်ဆင်ရမည်
- 194 views
ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေအားလုံး နိုဝင်ဘာလ (၁) ရက်နေ့ကနေ စတင်ပြီး မော်တော်ယာဉ်ရဲ့ဘေးနှစ်ဘက်မှာ အဝါရောင်စတေကာတွေ တပ်ဆင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ အခုလိုအဝါရောင် စတေကာတပ်ဆင်ရခြင်းဟာ City Taxi ယာဉ်တွေနဲ့ တခြားယာဉ်တွေ ကွဲပြားစေဖို့ ရည်ရွယ်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားပါတယ်။
ဘေးစတေကာ အဝါရောင်စတေကာတပ်ဆင်တာကို နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၂၀၂၄) ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ City Taxi ယာဉ်တွေအနေနဲ့ ယာဉ်ရဲ့ဘေးနှစ်ဖက်မှာ အနံ(၅) လက်မရှိတဲ့ အဝါရောင်စတေကာကို ကားရဲ့ရှေ့မီးကနေ နောက်မီးအထိ ကပ်ရမှာဖြစ်ပါတယ်။
အဲဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လက်ခမယူဘဲ စတေကာတန်ဖိုး (၅၀၀၀) ကျပ် ပေးဆောင်ရမှာဖြစ်ပြီး YRTC ဝန်ထမ်းတွေက လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင်ရဲ့သဘောအတိုင်း စတေကာကပ်နိုင်ပြီး ဆေးသုတ်ခွင့်လည်းပြုထားပါတယ်။
ပညာပေးကာလပြီးဆုံးပါက အဝါရောင်စတေကာ မကပ်ထားတဲ့ City Taxi ယာဉ်တွေကို မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၆) အရ အရေးယူသွားမှာဖြစ်ပြီး ဒဏ်ကြေးငွေကျပ် (၃၀၀၀၀) ပေးဆောင်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com