- Home
- Car News
- EV အိပ်မက်ဆိုး (သို့မဟုတ်) နောင်ဘယ်တော့မှ Tesla ကားထပ်မဝယ်တော့ဟု ပြောလာသူ EV ကားပိုင်ရှင် တစ်ဦး
EV အိပ်မက်ဆိုး (သို့မဟုတ်) နောင်ဘယ်တော့မှ Tesla ကားထပ်မဝယ်တော့ဟု ပြောလာသူ EV ကားပိုင်ရှင် တစ်ဦး
- 4618 views
ကားပိုင်ရှင်တစ်ဦးသည် လွန်ခဲ့သော ၂ နှစ်က EV တစ်စင်း ဝယ်ယူခဲ့ပြီးနောက်ပိုင်း နောင်မည်သည့်အခါမှ Tesla ဝယ်တော့မည် မဟုတ်ကြောင်း ပြောကြားလာသည်ဟု The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။
YouTuber တစ်ဦးဖြစ်သော အဆိုပါ ကားပိုင်ရှင်သည် သူ၏ EV မှ ပြဿနာ ၂ ခုကို ထောက်ပြခဲ့သည်။
(မည်သည့်အခါမှ Tesla ထပ်ဝယ်တော့မည် မဟုတ်ကြောင်း ပြောလာသူ ကားပိုင်ရှင်။ ဓာတ်ပုံ-YouTube/ Vehicle Virgins)
ထိုကားပိုင်ရှင်သည် Vehicle Virgins အမည်ရှိ YouTube ချန်နယ်ကို တည်ထောင်ထားသူ ပါကား နီရန်စတိုင်း (Parker Nirenstein) ဖြစ်ပြီး သူသည် ယခင်က Tesla နှစ်သက်ခဲ့သူတစ်ဦးဖြစ်ခဲ့ကြောင်း ပြောသည်။
ပါကား နီရန်စတိုင်းက သူ၏ ချန်နယ်တွင် လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်တွင် သူ၏ Tesla Plaid ကားမှ နောက်ဘီးတာယာများကို ပြသခဲ့သည်။
ခရီးတစ်ခုထွက်စဉ်အတွင်း ကားတာယာမှာ ရုတ်တရက် လျှင်မြန်စွာ လေလျော့သွားသောကြောင့် လမ်းအလယ်တွင် ဒုက္ခရောက်ခဲ့ကြောင်း နီရန်စတိုင်းက ပြောသည်။
“ဘီးတွေက အခုံးများတာကြောင့် တာယာရဲ့အတွင်းပိုင်းက ပျက်စီးတာ သိပ်မြန်တယ် ”ဟု နီရန်စတိုင်းက ပြောသည်။
နီရန်စတိုင်းက ပြောသည်မှာ တာယာ ၅ စုံ လဲခဲ့ရပြီး ခရီးမိုင် ၂၅၀၀၀ ခန့်သာ သွားခဲ့ရကြောင်း ပြောသည်။
မိမိမှာ ပြိုင်ကားမောင်းသမားမဟုတ်ဘဲလျက် တာယာများ လဲခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
တာယာအတွင်းပိုင်းမှာ ကွဲအက်သွားသည်အထိ လျှင်မြန်စွာ ယိုယွင်းလာခဲ့ကြောင်း နီရန်စတိုင်းက ပြောသည်။
“ခင်ဗျားက ကားကို အပြင်ပန်းက ကြည့်ရင် လုံးဝကောင်းနေတယ်။ ဒါပေမဲ့ အဝေးပြေးလမ်းပေါ် ရောက်ကာမှ တာယာကွဲသွားတဲ့ ဖြစ်ရပ်ကို စဉ်းစားကြည့်ပါ။ ဒါက ပြင်းထန်တဲ့ ယာဉ်တိုက်မှု ဖြစ်စေနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
မိတ်ဆွေများထဲတွင်လည်း အဝေးပြေးလမ်းမပေါ်တွင် တာယာကွဲကာ ဒုက္ခရောက်ရသူများရှိကြောင်း နီရန်စတိုင်းက ပြောသည်။
ယခုပြဿနာမှာ ဘေးကင်းလုံခြုံရေးကိစ္စဖြစ်ပြီး စိတ်ပျက်ဖွယ် ပြင်ဆင်စရိတ် များစွာရှိကြောင်း ၎င်းကပြောသည်။
“တခြားကားလို မဟုတ်ဘူး။ မိုင် ၅၀၀၀ လောက် မောင်းပြီးတိုင်း ကားတာယာလဲရတာ ဒေါ်လာ ၁၅၀၀ ဒါမှမဟုတ် ဒေါ်လာ ၂၀၀၀ လောက်ကုန်ပါတယ်။ ဒါတွေက ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး”
ယခုဖြစ်ရပ်မှာ ကားတာယာများကို အပြင်ပန်းမှ ကြည့်ရုံဖြင့် မသိနိုင်သည့်ကိစ္စဖြစ်ကြောင်း နီရန်စတိုင်းက ပြောသည်။
နီရန်စတိုင်းက ပြောသည်မှာ သူ၏ Tesla Plaid ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ ၁၃၉၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုကားအတွက် ဒေါ်လာ ၁၀၀၀၀၀ အကြွေးတင်နေကြောင်း ၊ ကားအတွက် GAP insurance အာမခံ မထားနိုင်သေးကြောင်း ၎င်းက ပြောသည်။
GAP insurance မှာ ကားပိုင်ရှင်များ ယာဉ်တိုက်မှုဖြစ်ပါက ထိခိုက်ဆုံးရှုံးမှုများ ကာကွယ်ပေးသည့် အာမခံ ဖြစ်သည်။
Tesla ကားများ၏ အာမခံကြေးမှာ အခြားကားများထက် များပြားသည်။
မိမိအနေဖြင့် နောင်အခါတွင် Tesla ကားဝယ်တော့မည် မဟုတ်ကြောင်း နီရန်စတိုင်းက ပြောသည်။
လျှပ်စစ်ကားများသည် ဓာတ်ငွေ့ကားများနေရာတွင် အလှည့်အပြောင်းဖြစ်စေသည့် ယာဉ်များ ဖြစ်သော်လည်း လူတို့အကြား အကြိုက်ချင်း မတူညီကြပေ။
Out of Spec Reviews ချန်နယ်တည်ထောင်သူ Kyle သည် Mazda MX-30 စီးသူဖြစ်ပြီး ထိုကားစက်သံမှာ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: EV NIGHTMARE I got my Tesla two years ago but I’ll never buy one again – my EV has two huge issues and one could leave you stranded (the-sun)