• Home
  • Car News
  • ကနေဒါ လုပ်ငန်းရှင်က EV ကားမောင်းသူတို့အား စွဲဆောင်နိုင်ရန် ရုံးရှေ့တွင် EV အားသွင်းစက် တပ်ဆင်ပေးပြီး အခမဲ့အားသွင်းခွင့်ပြု

ကနေဒါ လုပ်ငန်းရှင်က EV ကားမောင်းသူတို့အား စွဲဆောင်နိုင်ရန် ရုံးရှေ့တွင် EV အားသွင်းစက် တပ်ဆင်ပေးပြီး အခမဲ့အားသွင်းခွင့်ပြု

  • 283 views

 


ဇနီးမောင်နှံစုံတွဲတစ်တွဲသည် ၎င်းတို့၏ လုပ်ငန်းတွင် ဖောက်သည်များ ပိုမိုစွဲဆောင်နိုင်ရန်အတွက် အခမဲ့အားသွင်းနိုင်သည့် EV အားသွင်းစက်တစ်ခု တပ်ဆင်ခဲ့ကြောင်း The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လားစ် ဟာ့ချ် (Lars Hirch) နှင့် ရေချယ် ဖီးဆက် (Rachelle Fiset) တို့ ဇနီးမောင်နှံက ၎င်းတို့၏ အဖျော်ယမကာ ကုမ္ပဏီရှေ့တွင် အားသွင်းစက်တစ်ခု တပ်ဆင်ပေးလျှင် EV ကားစီးသည့် ဖောက်သည်များကို စွဲဆောင်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။

 

 

 


(၂၀၁၉ ခုနှစ်မှစတင်ပြီး ၎င်းတို့၏ လုပ်ငန်းတည်ရှိရာနေရာတွင် EV အားသွင်းစက်တစ်ခု တပ်ဆင်ခဲ့ရာ အခြား စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း အားသွင်းစက်များ တပ်ဆင်ရန် အကြံပေါ်လာစေခဲ့သည်။ ဓာတ်ပုံ-Getty)

 

 

 

(လားစ် ဟာ့ချ်နှင့် ရေချယ် ဖီးဆက်တို့ ဇနီးမောင်နှံက EV ကားပိုင်ရှင်များကို စွဲဆောင်ရန် မျှော်လင့်ချက်ဖြင့် အားသွင်းစက်တပ်ဆင်ခဲ့သည်။ ဓာတ်ပုံ-Instagram/ pivotspiritsltd)

 


၎င်းတို့၏ ဖောက်သည်များ၊ ဒေသတွင်း အသိုက်အဝန်းနှင့် ခရီးသွားများအတွက် အခမဲ့ အားသွင်းခွင့် ပြုခဲ့သည်။

“ကျွန်တော်တို့ဟာ လျှပ်စစ်ဓာတ်အားတွေ အများကြီး ထုတ်လုပ်တဲ့နိုင်ငံဖြစ်တာမို့ လျှပ်စစ်ကားစီးတဲ့ ဖောက်သည်တွေအတွက် အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ဖောက်သည်တွေ အတွက် ထပ်ဆောင်း မက်လုံးတစ်ခုပါပဲ” ဟု ဟာ့ချ်က CBC သတင်းဌာနသို့ ပြောသည်။

၎င်းတို့စုံတွဲ၏ အဖျော်ယမကာ စက်ရုံမှာ ကနေဒါနိုင်ငံ၊ Alberta ပြည်နယ်မှ Rolling Hills အမည်ရှိ ကျေးရွာကလေးတွင် တည်ရှိပြီး မကြာသေးမီ လများအတွင်း စီးပွားရေးကောင်းမွန်လာကြောင်း ဟာ့ချ်တို့ ဇနီးမောင်နှံက ပြောသည်။

ဖောက်သည်များအနေဖြင့် မိမိတို့၏ EV များကို အားသွင်းနေရင်း ဗော့ဒ်ကာ၊ ဂျင်နှင့် rye တို့ကို အရသာခံနိုင်မည် ဖြစ်သည်။

ဟာ့ချ်က EV အားသွင်းစက်ကို မိမိဘာသာ အကုန်အကျခံ တပ်ဆင်ခဲ့ပြီးနောက်ပိုင်း EV စက် ထုတ်လုပ်သည့် လုပ်ငန်းတို့က စီးပွားရေးလုပ်ငန်းများတွင် EV အားသွင်းစက်များ တပ်ဆင်ပေးရန် များစွာစိတ်ဝင်စားလာ ခဲ့ကြသည်။

Tesla ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများထံ ဆက်သွယ်ခဲ့ပြီး EV အားသွင်းစက် တပ်ဆင်ပေးရန်နှင့် အားသွင်းစက် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ပေးရန် ကမ်းလှမ်းမှုများ ပြုလုပ်လာသည်။ အထူးသဖြင့် အဝေးပြေးလမ်းမကြီးများအနီးရှိ လုပ်ငန်းများထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

ဟာ့ချ်တို့ဇနီးမောင်နှံအတွက်မူ ပြုပြင်မွမ်းမံထိန်းသိမ်းစရိတ်ကို မိမိတို့ဘာသာ ကျခံရခြင်း ဖြစ်သည်။

Mogile Tech App ၏ CEO ဖြစ်သူ Simon Ouelette က ပြောသည်မှာ ဟိုတယ်များနှင့် ဓာတ်ငွေ့ဆိုင်များတွင် EV အားသွင်းစက်များ များပြားလာကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများတွင် အားသွင်းစက် တပ်ဆင်မှု နည်းပါးသေးကြောင်း ပြောသည်။

Mogile Tech app မှာ EV ယာဉ်ပိုင်ရှင်များကို အားသွင်းစက်များ၏ တည်နေရာ ညွှန်ပြပေးသော App တစ်ခု ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်အချို့က EV အားသွင်းရင်း ဖောက်သည်သစ်များ ရလာနိုင်မည့် အလားအလာကို စိတ်ဝင်စားကြကြောင်း၊ သို့သော် ပြုပြင်ထိန်းသိမ်းစရိတ်မှာ အဟန့်အတားတစ်ခုဖြစ်ကြောင်း Outlette က ထောက်ပြသည်။

ဟာ့ချ်တို့ ဇနီးမောင်နှံကမူ အားသွင်းစက်ပြုပြင်ထိန်းသိမ်းစရိတ်ကို ထည့်မတွက်ဘဲ ဖောက်သည်များအား အခမဲ့ အားသွင်းခွင့်ပေးလျက် ရှိနေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  I own a business & offer free EV charging for drivers – the number of customers has surged but there’s a major downside (the-sun)