လောင်စာဆီကားတွေ အရောင်းအဝယ်ပြန်လိုက်လာပြီး Probox ကားများအရောင်းသွက်လာ
- 287 views
လက်ရှိဈေးကွက်ထဲမှာ လောင်စာဆီသုံးကားတွေ အရောင်းအဝယ်ပြန်လိုက်လာတယ်လို့ ရန်ကုန်မြို့က ကားဝယ်ရောင်းဈေးကွက်ထဲကနေ သိရပါတယ်။ အရောင်းအသွက်ဆုံးကတော့ Probox ကားတွေဖြစ်ပြီး အိမ်စီးကားရော၊ Taxi ကားတွေပါ အရောင်းအဝယ်လိုက်လာတယ်လို့ ဝါရင့်ကားဝယ်ရောင်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ လက်ရှိ ရန်ကုန်လိုင်စင် Probox Taxi ဈေးနှုန်းဟာ အင်ဂျင်ပါဝါပေါ် မူတည်ပြီး ကျပ်သိန်း (၂၅၀)ကျော်က ကျပ်သိန်း (၃၀၀) ဝန်းကျင်မှာ ပေါက်ဈေးရှိနေပြီး နယ်လိုင်စင် Probox Taxi ဈေးနှုန်းကတော့ ကျပ်သိန်း (၂၈၀) ဝန်းကျင်မှာ ပေါက်ရှိနေတယ်လို့ ရန်ကုန်ကားဈေးကွက်ထဲကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ရန်ကုန်လောင်စာဆီသုံး အိမ်စီးကားဈေးတွေဟာ အခုလပိုင်းထဲမှာ တဖြေည်းဖြည်း ဈေးကျလာပြီး အရောင်းအဝယ်တည်ငြိမ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အောက်တိုဘာလထဲမှာတော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်လို့ ရန်ကုန်မြို့က ဝါရင့်ကားဝယ်ရောင်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အခုရက်ပိုင်းကားဈေးကွက်ထဲမှာ မော်ဒယ်မြင့်ကားတွေဟာလည်း ဖြစ်သင့်တဲ့ဈေးနှုန်းမှာ ရှိနေတယ်လို့လည်း ကားဝယ်ရောင်းတွေက ပြောပါတယ်။ လတ်တလောမှာတော့ Honda Fit (2011)ကို ကျပ်သိန်း (၅၀၀) ကျော်၊ Toyota Vitz (2009) မော်ဒယ်ကို ကျပ်သိန်း (၂၉၀) ကျော်နဲ့ Passo (2008) မော်ဒယ်ကို ကျပ်သိန်း (၂၄၀) ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရန်ကုန်မြို့က ကားဝယ်ရောင်းဈေးကွက်ထဲကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com