• Home
  • Car News
  • ဒေါ်လာ သန်း ၈၀ ချမ်းသာသော ဘတ်စ်ကက်ဘောကြယ်ပွင့် ဂျင်မီ ဘတ္တလာက ပြိုင်ကားမှာ လောင်စာဖိုး အကုန်အကျများသောကြောင့် EV ပြောင်းစီးမည်ဟုပြော

ဒေါ်လာ သန်း ၈၀ ချမ်းသာသော ဘတ်စ်ကက်ဘောကြယ်ပွင့် ဂျင်မီ ဘတ္တလာက ပြိုင်ကားမှာ လောင်စာဖိုး အကုန်အကျများသောကြောင့် EV ပြောင်းစီးမည်ဟုပြော

  • 268 views

 

ကုန်ဈေးနှုန်းများ ကြီးမြင့်လာလျှင် သန်းကြွယ်သူဌေးများပင် ညည်းတွားကြသည်။

မနက် ၉-ညနေ ၅ ရုံးအလုပ်များ လုပ်ကိုင်နေရသူများကဲ့သို့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရမည်မဟုတ်သော်လည်း အကုန်အကျများသည်မှာမူ ရှောင်လွှဲ၍ မရ။

အထူးသဖြင့် Bugatti ပြိုင်ကားတစ်စီး၏ ပိုင်ရှင်ဆိုပါက ဓာတ်ငွေ့ဖိုး ကုန်ကျစရိတ်မှာ များပြားလှသည်။

အမေရိကန် NBA ဘတ်စ်ကက်ဘောအသင်းတစ်ခုဖြစ်သော Miami Heat တွင် ကစားနေသူ၊ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဘတ်စ်ကက်ဘောကြယ်ပွင့် ဂျင်မီ ဘတ္တလာ (Jimmy Butler) (မွေး-၁၉၈၉) သည် ဒေါ်လာ သန်း ၈၀ ခန့် ချမ်းသာကြွယ်ဝပြီး ကားအမြောက်အများ ပိုင်ဆိုင်ထားသူဖြစ်သော်လည်း ခေါင်ခိုက်လာသော ဓာတ်ငွေ့ဈေးနှုန်းများ၏ ဒဏ်ကို ခံနိုင်ရည်မရှိခဲ့။
ဂျင်မီဘတ္တလာသည် သူ၏ Bugatti ပြိုင်ကားကို ဓာတ်ငွေ့ဆိုင်တွင် ဓာတ်ငွေ့ဖြည့်ရာ ၁၄၅ ဒေါ်လာကျသင့် ခဲ့မှုကို မယုံနိုင်အောင် ဖြစ်သွားခဲ့သည်ဟု USA Today သတင်းဌာနက ဖော်ပြသည်။

ဂျင်မီဘတ္တလာသည် အလွန်အမျက်ထွက်ခဲ့ပြီး သူ၏ခံစားချက်ကို ဗွီဒီယိုရိုက်ကူးကာ အင်စတာဂရမ်တွင် Story အဖြစ် တင်ခဲ့သည်။

“ဒါက လမ်းဓားပြတိုက်တာပါပဲ”ဟု ဘတ္တလာက ပြောသည်။

ဘတ္တလာက သူ၏ Bugatti Chiron Pur Sport ကားကို လော့စ်အိန်ဂျလိမြို့ရှိ Union 76 ဓာတ်ငွေ့ဆိုင်တွင် ဓာတ်ငွေ့ဖြည့်ရင်း ဗွီဒီယိုရိုက်ကူးပြောကြားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ငွေ့ ဂါလံ ၂၀ မျှအတွက် ၁၄၅ ဒေါ်လာကျသင့်ကြောင်း ဘတ္တလာကပြောသည်။

 

 

 

“ဟေးလူတွေ..ကျွန်တော် အထဲကို ဝင်သွားပြီး ဓာတ်ငွေ့တွေ မှားထည့်မိလို့ဆိုပြီး ငွေပြန်တောင်းရင် သူတို့က ပြန်အမ်းပေးမယ်ထင်လား။ ကျွန်တော်တော့ လျှပ်စစ်ကားပဲ စီးတော့မယ်”

ထိုနောက်ပိုင်း ထပ်တင်သော ဗွီဒီယိုတွင် ဘတ္တလာက လောင်စာဆီဈေးများ မြင့်တက်လာမှုကို ညည်းတွား ပြောဆိုခဲ့သည်။

အမေရိကန်စွမ်းအင်သတင်းအချက်အလက်ဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ကယ်လီဖိုးနီးယား ပြည်နယ်တလွှားရှိ ဓာတ်ငွေ့ဆိုင်များတွင် တစ်ဂါလံလျှင် ၅ ဒသမ ၈၀၆ ဒေါ်လာ ပေါက်ဈေးရှိရာ အမေရိကန် ပြည်ထောင်စုတဝန်းမှ ပျှမ်းမျှတစ်ဂါလံဈေးနှုန်း ၃ ဒသမ ၈၃၇ ဒေါ်လာထက် မြင့်မားနေသည်။

(ဂျင်မီဘတ္တလာက သူ၏ Bugatti ကားကို ဓာတ်ငွေ့ဖြည့်ရာတွင် ဂါလံ ၂၀ မျှအတွက် ၁၄၅ ဒေါ်လာ ကျသင့်မှု ကို စိတ်ပျက်လျက်ရှိသည်။ ဓာတ်ပုံ- Larry Marano)

“Bugatti တစ်စီးကို ဓာတ်ငွေ့ဖြည့်တာ ၁၄၅ ဒေါ်လာကျတယ်ဆိုတာ ခင်ဗျားတို့ ယုံလား။ တကယ်ရူးတာပဲ။ ကြားတောင် မကြားဖူးဘူး”ဟု ဘတ္တလာက ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းတန် ကားပေါ်တွင် ထိုင်ရင်း ပြောသည်။

ဘတ္တလာ၏ ကားသည် ၁၀ မိုင်သွားလျှင် ၁ ဂါလံကုန်ပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ၏ ထုတ်ပြန်ချက်အရ Bugatti သည် စွမ်းအင်ထိရောက်မှုအနည်းဆုံးကားများတွင် ပါဝင်ကြောင်း ဖော်ပြသည်။

 

 

(ဘတ္တလာကို ဓာတ်ငွေ့ဆိုင်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Jimmy Butler/Instagram)

 

 

 

(ဓာတ်ငွေ့များ ပြန်ပေးလိုကြောင်း ဘတ္တလာက အရွှန်းဖောက်ပြောကြားသည်။ ဓာတ်ပုံ-Jimmy Butler/ Instagram)

 

 

ဘတ္တလာသည် ၂၀၂၁ ခုနှစ်အတွင်း Miami Heat အသင်းနှင့် ဒေါ်လာ ၁၈၄ သန်းတန် ၄ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားသည်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

 

Ref:  ‘I’m Going Electric’: NBA Star Jimmy Butler Can’t Believe That Filling up His Bugatti Costs $145  (robbreport, nypost)