တန်ဖိုးကြီး မော်တော်ကားပေါင်းများစွာ ဝယ်ယူပိုင်ဆိုင်ထားသော ရိုမေးနီးယား ဘီလျံနာကြီးတစ်ဦးက Ferrari F40 တစ်စီး ဝယ်ယူထားသည်ကို မေ့နေခဲ့ကြောင်း မကြာသေးမီက ထုတ်ဖော်ဝန်ခံလာသည်။ သင်သည် ရိုမေးနီးယား ဘီလျံနာ အီယွန် တီရီယက် (Ion Tiriac) နှင့် ၎င်းဝယ်ယူစုဆောင်းထားသော ကားများကို ပြသထားသည့် ပြတိုက်အကြောင်း ကြားဖူးနိုင်သည်။ အီယွန်တီရီယက်သည် ယခင်က တင်းနစ်ကစားသမားတစ်ဦးဖြစ်ပြီး ရိုမေးနီးယား တင်းနစ်အဖွဲ့ချုပ်၏ ဥက္ကဌလည်းဖြစ်သည်။ အီယွန် တီရီယက်သည် ဘဏ်လုပ်ငန်းအပြင် ကုမ္ပဏီပေါင်းများစွာ တည်ထောင်ခဲ့သည်။ ၎င်း၏ အမည်ဖြင့်ပင် Ion Tiriac Bank ဟု တည်ထောင်ခဲ့ခြင်းဖြစ်သည်။ (ယခုအခါတွင်မူ UniCredit ဘဏ်ဟု အမည်ပြောင်းလဲသွားပြီဖြစ်) အီယွန်က ၎င်းဝယ်ယူစုဆောင်းထားသော ကားများကို Tiriac Collection ဟူသောအမည်ဖြင့် ပြတိုက်တစ်ခု ဖွင့်လှစ်ထားသည်။ အီယွန်သည် ၎င်းပိုင်ဆိုင်ထားသော ကားများအားလုံးကို မမှတ်မိနိုင်ချေ။ အချို့သော ကားစုဆောင်းသူတို့မှာ လောဘကြီးတတ်ကြသည်။ ကားများ အတောမသတ်နိုင်အောင် ဝယ်ယူကြပြီးနောက် နေရာများစွာတွင် ဖြန့်ကျက်ထားရှိတတ်ကြသည်။ များပြားလှသော အလုပ်ကိစ္စများအပြင် အခြားအကြောင်းများဖြင့် ဖိစီးနေတတ်ကြရာ မိမိပိုင်ဆိုင်ထားသော ကားများအနက် အချို့ကို မေ့နေသည်ဆိုသည်မှာ မဆန်းလှ။ သို့သော် Ferrari F40 ကို မေ့နေသည်ဆိုခြင်းမှာမူ ထူးဆန်းသည်ဟု ဆိုရမည်။ အဆိုပါကားမှာ အလွန်အထင်ကရရှိပြီး ကမ္ဘာပေါ်တွင် လူအများ ဝယ်ယူစုဆောင်းကြသော ကားများအနက် အထင်ကြီးစရာအကောင်းဆုံး ကားများတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အီယွန် တီရီယက်က သူ၏ Ferrari F40 ကို မေ့နေသည်ဆိုခြင်းမှာ ထူးဆန်းနေသည်။ Tiriac Collection ၏ Official YouTube ချန်နယ်တွင်လွှင့်တင်ခဲ့သော အင်တာဗျူးဗွီဒီယိုဖိုင်ထဲတွင် အီယွန်က ထိုအကြောင်း ပြောပြထားခြင်း ဖြစ်သည်။ အီယွန်က ပြောပြသည်မှာ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား Gerhard Berger ထံမှ ဝယ်ယူထားသော Ferrari F40 ကို ဆယ်စုနှစ်တစ်ခုခန့် မေ့နေခဲ့ကြောင်း ထုတ်ဖော်ပြောပြသည်။ ထိုကားကို ဝယ်ယူပြီးနောက် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် သိမ်းဆည်းထားရှိသည်။ အီယွန်သည် နောက်ပိုင်းတွင် ထိုကားအကြောင်း မေ့သွားခဲ့သည်။ နောက်ပိုင်းတွင် ကားစုဆောင်းသူတစ်ဦးက (အီယွန်က ထိုသူ၏ အမည်နာမကိုမူ ထုတ်ဖော်ပြောပြခြင်း မရှိပေ) အီယွန်ထံမှ Ferrari F40 ဝယ်ယူရန် ကြိုးစားခဲ့ရာ အီယွန်က ငြင်းပယ်ခဲ့သည်။ ယင်းနောက် အီယွန်သည် Ferrari F40 နောက်တစ်စီး ထပ်မံဝယ်ယူလိုက်ပြန်သည်။ ကားဝါသနာအိုးများမှာ Ferrari F40 ကို တိမ်းညွှတ်ကြသည်။ F40 သည် ထိုခေတ်ထိုကာလ၏ အံ့ဖွယ်စူပါကား ဖြစ်ခဲ့သည့် ယနေ့ခေတ်စံနှုန်းများနှင့်လည်း တန်းဝင်နေသေးသည်။ ထို့အပြင် Enzo ကိုယ်တိုင် နောက်ဆုံးကွပ်ကဲထုတ်လုပ်သွားသော မော်ဒယ်လည်း ဖြစ်သည်။ အကယ်၍ သင့်တွင် တန်ဖိုးကြီးကားများ များပြားစွာ ပိုင်ဆိုင်ထားသည်ဆိုပါက သင်လည်း Ferrari F40 တစ်စင်းမျှကို မေ့လျှင် မေ့နေနိုင်ပါသည်။ Ref: Romanian Billionaire Forgot He Owns A Ferrari F40 (autos)