• Home
  • Car News
  • Porsche ၏ စီအီးအို အိုလီဗာ ဘလွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

Porsche ၏ စီအီးအို အိုလီဗာ ဘလွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

  • 258 views


အိုလီဗာ ဘလွန်း (Oliver Blume) သည် Volkswagen Group ၏ စီအီးအိုဖြစ်သည့်အပြင် တချိန်တည်းတွင်ပင် Porsche ၏ စီအီးအိုအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

Braunschweig နည်းပညာတက္ကသိုလ်တွင် Mechanical Engineering အဓိကဖြင့် ကျောင်းတက်ခဲ့ပြီးနောက် Audi AG တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထုတ်လုပ်ရေးဌာနတွင် ရာထူးတာဝန်အမျိုးမျိုးဖြင့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် စပိန်ကားကုမ္ပဏီ SEAT သို့ ပြောင်းရွှေ့ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် Volkswagen ၏ production planning ဆိုင်ရာ အကြီးအကဲဖြစ်လာခဲ့သည်။

ယင်းနောက်ပိုင်း ၄ နှစ်အကြာတွင် Porsche AG ၏ ထုတ်လုပ်ရေးနှင့် Logistics ဆိုင်ရာ Executive Board အဖွဲ့ဝင် ဖြစ်လာသည်။

၂၀၁၅ ခုနှစ်တွင် Porsche ၏ အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဌဖြစ်လာခဲ့သည်။
အိုလီဗာ ဘလွန်းကို နိုင်ငံတကာ စီမံခန့်ခွဲမှု အတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သော Oliver Wyman မှ တွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူးမှ အရေးပါသည့်အချက်များကို ကောက်နုတ်ကာ မြန်မာပြန်ဆို ဖော်ပြအပ်ပါသည်။

( မေး ) “Porsche ရဲ့ အောင်မြင်မှုမှာ driving experience ဟာ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ အလိုအလျောက် မောင်းနှင်စနစ် ခေတ်စားလာနေတာဟာ Porsche အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမယ်လို့ လူကြီးမင်း ထင်ပါသလဲခင်ဗျာ”

(အိုလီဗာ ဘလွန်း) “Porsche ဟာ exclusive ဖြစ်မှု၊ sporty ဖြစ်တဲ့ driving experience တွေနဲ့အတူ အားလုံးရဲ့အထက်မှာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ခံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် Porsche ကို မောင်းတဲ့သူတွေဟာ တကယ်မောင်းချင်ကြတယ်။ ဒါပေမယ့် နေ့စဉ်လမ်းပေါ်မောင်းနှင်ရမှုမှာ Porsche မောင်းသူတစ်ဦးအနေနဲ့ autonomous driving ရဲ့ အကူအညီကို ကျေကျေနပ်နပ် ရယူရမယ့် အခြေအနေတွေ ရှိပါတယ်။ Porsche မှာ autonomous driving စနစ်သုံးနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်”

(မေး) “ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး လူကြီးမင်းအနေနဲ့ လျှပ်စစ်ကားတွေဆီ ကူးပြောင်းဖို့ ဘယ်လိုများ စီစဉ်နေပါသလဲ။ လျှပ်စစ်ကားဆီ ကူးပြောင်းမှုဟာ Porsche ရဲ့ ပြိုင်ကားဆိုတဲ့ ဗီဇနဲ့ ဘယ်လိုများ ကိုက်ညီပါမလဲခင်ဗျာ”

(အိုလီဗာ ဘလွန်း) “လျှပ်စစ်ကားနယ်ပယ်နဲ့ Porsche ဟာ ပြီးပြည့်စုံစွာ ဒွန်တွဲနေပါတယ်။ high-performance ဘက်ထရီနဲ့ ပေါင်းစပ်ထားတဲ့ လျှပ်စစ်ကားတွေမှာ ထင်ရှားတဲ့ performance ရလဒ်တွေ ရှိပါတယ်။ Porsche မှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လေးနက်ပြတ်သားတဲ့ ကတိကဝတ် ရှိပါတယ်။ လျှပ်စစ်ကား အသုံးပြုမှု ဘာကြောင့် မရှိမဖြစ် အရေးကြီးလဲဆိုတာ ဒါက တစ်ကြောင်းပါ။ Porsche ဟာ Powertrain ကို လျှပ်စစ်ကူးပြောင်းဖို့ ကြိုးစားနေခဲ့တာ နှစ်နဲ့ချီခဲ့ပါပြီ။ သာဓကပြောရရင် premium မော်ဒယ် ၃ မျိုးနဲ့ plug-in hybrid တွေကို Porsche က ပထမဆုံး စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအားဖြင့် ဥရောပတလွှားမှာ Panamera ရဲ့ customer ၆၀ ရာခိုင်နှုန်းကျော်ဟာ hybrid variant ကို ရွေးချယ်ကြပါတယ်”

(မေး) “Porsche ရဲ့ corporate culture နဲ့ ပတ်သက်ပြီး မေးရမယ်ဆိုရင် လူကြီးမင်းဟာ Premium ကားတွေ ထုတ်လုပ်နေပေမယ့် မိသားစု စိတ်ဓာတ်မျိုးကို တန်ဖိုးထားနေဆဲ ဖြစ်တာ တွေ့ရပါတယ်။ လူကြီးမင်းအနေနဲ့ အနာဂတ်အထိ ဒီစိတ်ဓာတ်မျိုးကို ဘယ်လို ထိန်းသိမ်းပေးနိုင်ပါမလဲ”

(အိုလီဗာ ဘလွန်း) “Porsche ရဲ့ ထူးခြားတဲ့ corporate culture ဟာ လူသိများပါတယ်။ ကျွန်တော်တို့ brand အောင်မြင်မှုမှာ ဒါက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီဟာကို အနာဂတ်အထိ ဆောင်ကြဉ်းသွားနိုင်ဖို့ ကျွန်တော်တို့အတွက် သိပ်အရေးကြီးပါတယ်။ Porsche Strategy 2025 မှာ အရေးပါတဲ့ key value ၄ ခုရှိပါတယ်။ ဒါတွေကတော့ ရှေ့ပြေးဦးဆောင်စိတ်ဓာတ်၊ တက်ကြွမှု၊ မိသားစုဆန်မှု၊ ကျွန်တော်တို့ရဲ့ passion ဟာ customer တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု အစရှိတာတွေပါပဲ”

(မေး) “လာမယ့်နှစ်အနည်းငယ်မှာ Porsche အတွက် တီထွင်မှုဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပါမလဲခင်ဗျာ”

(အိုလီဗာ ဘလွန်း) “တီထွင်ဆန်းသစ်မှုဟာ Porsche အတွက် အမြဲ brand core ဖြစ်ပါတယ်။ ကျွန်တော်တို့ မဟာဗျူဟာရဲ့ ပင်မဒေါက်တိုင်က ဒါကို ဆက်လက်အားကောင်းအောင် လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ အလွန်စနစ်ကျတဲ့ ချဉ်းကပ်မှုရှိဖို့ကို ဆိုလိုပါတယ်။ Porsche ရဲ့ အထူးအားသာတဲ့နယ်ပယ်တွေမှာ ကျွန်တော်တို့ အာရုံစိုက်နေပါတယ်။ ဒီဇိုင်း၊ မောင်းနှင်တဲ့စနစ်၊ လေခွင်းအားနဲ့ ယာဉ်ရဲ့ ဗိသုကာလို နယ်ပယ်တွေအတွက် အနာဂတ်ယှဉ်ပြိုင်မှုမှာ ဆက်လက်ဦးဆောင်သွားမှာ ဖြစ်ပါတယ်”

(မေး) အနာဂတ်မှာ Porsche အတွက် ဘယ်လိုမိတ်ဘက်မျိုး လိုအပ်ပါမလဲခင်ဗျာ

(အိုလီဗာ ဘလွန်း) “Porsche အတွက် မိတ်ဖက်လက်တွဲမှုတွေ ပိုမိုအရေးပါလာနေပါတယ်။ အထူးသဖြင့် ဆက်သွယ်ရေး၊ AI နည်းပညာ (ဒါမှမဟုတ်) mobility concept အသစ်တွေလို အကြောင်းရပ်တွေနဲ့ ပတ်သက်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Porsche နဲ့ သင့်တော်မယ့် နည်းပညာသစ်တွေ၊ business model တွေကို ရဖို့အတွက် နိုင်ငံတကာမှာ ရှိတဲ့ startup တွေကို ကျွန်တော်တို့ စနစ်တကျ ကင်းထောက်နေပါတယ်။ ကျွန်တော်တို့အတွက် ဒါတွေရနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်”

(မေး) “Porsche က ထုတ်လုပ်ထားတဲ့ မော်ဒယ်အားလုံးထဲမှာ လူကြီးမင်းအကြိုက်ဆုံးက ဘယ်မော်ဒယ်ပါလဲ။ ဘာကြောင့်ပါလဲ”

(အိုလီဗာ ဘလွန်း) “ဒီမေးခွန်းက ဖြေရခက်ပါတယ်။ ဒါက ဘာအတွက်သုံးမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က 911 ရဲ့ ပရိသတ်တစ်ဦးပါ။ Taycan နဲ့ ပတ်သက်ပြီးလည်း စိတ်လှုပ်ရှားပါတယ်။ အဲဒါက ဆောင်းတွင်းတုန်းက ဖြန့်ချိခဲ့တာပါ”

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Interview With Oliver Blume, CEO Of Porsche AG