• Home
  • Car News
  • “Mercedes, BMW နဲ့ Audi တွေဟာ ဒီနေ့ခေတ်မှာ luxury ကားတွေလို့ ပြောဖို့တောင် အတော်ခက်နေပါပြီ” (သို့) နည်းပညာမြင့်မားသော တရုတ်ပြည်ထုတ် EV များကြောင့် တရုတ်ပြည် ကားဈေးကွက်တွင် ဂျာမနီထုတ် Volkswagen, BMW နှင့် Mercedes-Benz တို့ ဈေးကွက်ပျောက်လာ

“Mercedes, BMW နဲ့ Audi တွေဟာ ဒီနေ့ခေတ်မှာ luxury ကားတွေလို့ ပြောဖို့တောင် အတော်ခက်နေပါပြီ” (သို့) နည်းပညာမြင့်မားသော တရုတ်ပြည်ထုတ် EV များကြောင့် တရုတ်ပြည် ကားဈေးကွက်တွင် ဂျာမနီထုတ် Volkswagen, BMW နှင့် Mercedes-Benz တို့ ဈေးကွက်ပျောက်လာ

  • 274 views

(မှတ်ချက်။ အိန္ဒိယအခြေစိုက် Hindustantimes သတင်းဌာနက ဖော်ပြသော Volkswagen,BMW and Mercedes-Benz are getting left in the dust by Chinese Evs ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

ရိုင်ယန်ရှုအမည်ရှိ တရုတ်မိန်းကလေးသည် ဂျာမနီထုတ်ကားများ၏ အမာခံပရိသတ်တစ်ဦး ဖြစ်ခဲ့သည်။

သူသည် တရုတ်ပြည်၊ ကွမ်တုံပြည်နယ်တွင် နေထိုင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်၏။

ရိုင်ယန်ရှုနှင့် ခင်ပွန်းဖြစ်သူတို့တွင် Porsche 911 တစ်စင်းနှင့် Mercedes-Benz G-Class တစ်စင်းတို့ ပိုင်ဆိုင်ထားသည်။

တရုတ်ပြည်တွင် Porsche Taycan လျှပ်စစ်ကားကို ပထမဆုံး ဝယ်ယူပိုင်ဆိုင်ခဲ့သူများအနက် ရိုင်ယန်ရှုတို့ ဇနီးမောင်နှံ ပါဝင်သည်။

သို့သော် တရုတ်ပြည်တွင် မော်တော်ကား ဝယ်ယူသူများသည် အင်ဂျင်ပါဝါကို ကြည့်ရှု၍သာ ဝယ်ခဲ့ကြသည့် ခေတ်ဟောင်းပုံစံထက် နည်းပညာကို ပိုမိုရွေးချယ်သူ များလာကြောင်း ရိုင်ယန်ရှုက ပြောသည်။

ဒေါ်လာ ၁၀၀၀၀၀ ကျော်ပေးရသည့် Porsche Taycan ၏ ဆော့ဖ်ဝဲမှာ စိတ်ပျက်ဖွယ်ကောင်းလှကြောင်း အသက် ၃၆ နှစ်အရွယ်၊ ကလေး ၃ ယောက်မိခင် ရိုင်ယန်ရှုက ပြောသည်။

လျှပ်စစ်ကား Porsche ဆိုသည်ထက်ပို၍ အခြားမည်သည့်ထူးခြားချက်မှ မရှိကြောင်း ၎င်းက ပြောသည်။

တရုတ်ပြည်သည် ICE များကို ကျောခိုင်းလာရာ Volkswagen, Mercedes-Benz နှင့် BMW တို့မှာ ၎င်းတို့၏ အကြီးမားဆုံးဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် လျှပ်စစ်ကားများ ရောင်းချပေးနိုင်ရေးအတွက် အပြင်းအထန်ကြိုးစားလာရသည်။

လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် ယူရို ၃၅ ဘီလီယံ (ကန်ဒေါ်လာ ၃၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာရ၏။

ဂျာမန်ကားထုတ်လုပ်သူများဖြစ်သည့် အဆိုပါကုမ္ပဏီ ၃ ခုသည် ယခုနှစ် တတိယ ၃ လပတ်အတွင်း တရုတ်ပြည်တွင် ရောင်းအားအလွန်ကျဆင်းခဲ့သည်။

BMW ၏ ရောင်းအားမှာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၄ နှစ်တာအတွင်း အဆိုးရွားဆုံး အခြေအနေ ဖြစ်သည်။

ဈေးကြီးလှသော Mercedes မှာလည်း ဝယ်လိုအား နည်းပါးခဲ့ပြီး ရောင်းအား ၁၃ ရာခိုင်နှုန်း ကျဆင်းနေသည်။

Porsche ၏ တရုတ်ပြည်ရောင်းအားမှာလည်း ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၀ နှစ်တာအတွင်း ရောင်းအားအနည်းဆုံးဖြစ်ခဲ့သည်။

Porsche နှင့် Audi တို့၏ မိခင်ကုမ္ပဏီဖြစ်သော Volkswagen ၏ ရောင်းအားမှာ ၁၅ ရာခိုင်နှုန်း ကျဆင်းနေသည်။

ဂျာမန်ကားထုတ်လုပ်သူတို့သည် ဆီကားခေတ်က ထိပ်တန်းမှ ဦးဆောင်ကျေနပ်ခဲ့ကာ ပြိုင်ဘက်သစ်တို့အပေါ် လျှော့တွက်ခဲ့သည်။

အရှိတရားသစ်နှင့် ရင်ဆိုင်ရချိန်တွင်လည်း ICE တို့ကရခဲ့သည့် အဆီတဝင်းဝင်း အမြတ်အစွန်းကို သံယောဇဉ် မကုန်ဘဲ စွန့်လွှတ်ရန် ဝန်လေးနေကြသည်။

ထိုအခြေအနေများအကြားတွင် တရုတ်ပြည်၌ လျှပ်စစ်ကားများ ထုတ်လုပ်နေသော Tesla နှင့် BYD ကဲ့သို့ တရုတ်ကုမ္ပဏီများက နည်းပညာမြင့်၊ တန်ဖိုးနည်း လျှပ်စစ်ကားများကို အင်တိုက်အားတိုက် ထုတ်လုပ်လာကြရာ ယခုအခါ တရုတ်ပြည်တွင် ဂျာမနီထုတ် ICE များကို စီးလိုသူ မရှိတော့ချေ။

“ဒီ ကုမ္ပဏီတွေအတွက် အလှည့်အပြောင်းကာလကို ရောက်လာပါပြီ။ သူတို့အနေနဲ့ တရုတ်ပြည်ဈေးကွက်မှာ မဟာဗျူဟာ ကြီးကြီးမားမား ပြောင်းလဲနိုင်ဖို့ လိုနေပါပြီ” ဟု ရှန်ဟိုင်းမြို့အခြေစိုက် AlixPartners အတိုင်ပင်ခံ ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ Stephen Dyer က ပြောသည်။

ယခုကျင်းပနေသော ပဲရစ်ကားပြပွဲတွင် BYD နှင့် Xpeng တို့အပါအဝင် တရုတ်ပြည်မှ ကားထုတ်လုပ်သူများက ၎င်းတို့၏ နောက်ဆုံးပေါ် နည်းပညာများကို ထုတ်ပြလာကာ ဥရောပဈေးကွက်တွင် ဈေးကွက်ဝေစုရရန် ကြိုးပမ်းလာသည်။

ရိုင်ယန်ရှုသည် သူ၏ ဈေးကြီးသော ဂျာမနီကား၏ နည်းပညာပိုင်းကို စိတ်ပျက်လာသောကြောင့် Porsche Taycan ကို ရောင်းထုတ်လိုက်ပြီး တရုတ်ပြည်မှ Nio ကုမ္ပဏီထုတ် ET5 တစ်စင်း ဝယ်ယူလိုက်သည်။

အဆိုပါကားမှာ Mercedes EQE တစ်စင်းတန်ဖိုးအောက် ၃ ပုံ ၁ ပုံခန့်အထိ ဈေးသက်သာသည်။

ET5 ၏ အတွင်းပိုင်းဒီဇိုင်းနှင့် နည်းပညာမှာ ပို၍ luxury ဖြစ်သည်ဟု ရိုင်ယန်ရှုက ယူဆသည်။

ET5 သည် ကားပေါ်သို့ တက်လိုက်သည်နှင့် ကလေးများ၏ အမည်ကိုခေါ်ကာ နှုတ်ဆက်သံပေးသည်။

“ဂျာမန်ကားတွေမှာ ဒီလိုနည်းပညာတွေ မရှိပါဘူး။ Mercedes, BMW နဲ့ Audi တွေဟာ ဒီနေ့ခေတ်မှာ luxury ကားတွေလို့ ပြောဖို့တောင် အတော်ခက်နေပါပြီ” ဟု ရိုင်ယန်ရှုက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Volkswagen,BMW and Mercedes-Benz are getting left in the dust by Chinese Evs (hindustantimes)