- Home
- Car News
- တနေ့လျှင် ထမင်းတစ်နပ်သာ စားရသည့် အလွန်ဆင်းရဲလှသောဘဝမှ ရိုးရွိုက်စ်နှင့် အခြား Luxury ကား အစင်း ၄၀၀ ကျော် ပိုင်ဆိုင်သော ဘီလျံနာဘဝသို့ ရောက်ရှိခဲ့သော အိန္ဒိယမှ ဆံသဆရာ ရာမိရှ် ဘာဘူအကြောင်း၊ ဘီလျံနာဖြစ်လာသည့်တိုင် ဆံပင်ညှပ်နေဆဲဖြစ်
တနေ့လျှင် ထမင်းတစ်နပ်သာ စားရသည့် အလွန်ဆင်းရဲလှသောဘဝမှ ရိုးရွိုက်စ်နှင့် အခြား Luxury ကား အစင်း ၄၀၀ ကျော် ပိုင်ဆိုင်သော ဘီလျံနာဘဝသို့ ရောက်ရှိခဲ့သော အိန္ဒိယမှ ဆံသဆရာ ရာမိရှ် ဘာဘူအကြောင်း၊ ဘီလျံနာဖြစ်လာသည့်တိုင် ဆံပင်ညှပ်နေဆဲဖြစ်
- 579 views
ပြည့်စုံအောင်မြင်သောဘဝ ပိုင်ဆိုင်ထားသူများအနေဖြင့် မိမိတို့ကိုယ်ကို ကံကောင်းသူများဖြစ်သည်ဟု သုံးသပ်နိုင်သည်။
အိန္ဒိယတွင် ဆင်းရဲသားတို့၏ ဘဝမည်သို့ရှိသည်ကို လူအများစု မသိကြချေ။
ထိုသို့သော နိုင်ငံမျိုးတွင် အလွန်ဆင်းရဲနုံချာလှသော ဘဝမှ ထိပ်ဆုံးသို့ ရောက်လာသူများမှာ အံ့ဖွယ်ဖြစ်ရပ်ဟု ဆိုနိုင်သည်။
ယခုအခါ လူသိများ ထင်ရှားနေပြီဖြစ်သော ရာမိရှ် ဘာဘူသည် တချိန်က ဆင်းရဲသားတစ်ဦး ဖြစ်သည်။
ဆုံးဖြတ်ချက် ခိုင်မာမှုနှင့် အလုပ်ကြိုးစားမှုတို့ကြောင့် လျင်မြန်စွာ အောင်မြင်မှု ရလာခဲ့သူ ဖြစ်သည်။
ရာမိရှ် ဘာဘူသည် အိန္ဒိယ၏ ဘီလျံနာ ဆံသဆရာ ဖြစ်သည်။
ရာမိရှ် ဘာဘူတွင် ကားအစင်း ၄၀၀ ကျော် ပိုင်ဆိုင်ထားပြီး အများစုမှာ BMW, Jaguar နှင့် Rolls Royce တို့ကဲ့သို့ Luxury ကားများ ဖြစ်သည်။
((ရာမိရှ်ဘာဘူအကြောင်း))
ဆံသဆရာ ရာမိရှ်ဘာဘူသည် ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့ရသူတစ်ဦးမဟုတ်။
သူ၏ ဖခင် P Gopal မှာ ဘင်္ဂလိုမြို့မှ ဆံသဆရာတစ်ဦးဖြစ်သည်။
ရာမိရှ် ဘာဘူ ၇ နှစ်သားအရွယ်တွင် ဖခင်ကြီး ကွယ်လွန်သွားသည်။
ဇနီးနှင့် သားသမီး ၃ ဦးအတွက် ချန်ရစ်ခဲ့သော အမွေဟူ၍ ဘင်္ဂလူရူ (ဘင်္ဂလို) မြို့ Bridged လမ်းရှိ ဆံပင်ညှပ်ဆိုင်ငယ်လေးသာ ဖြစ်သည်။
(ဘီလျံနာ ဆံသဆရာ ရာမိရှ် ဘာဘူ။ ဓာတ်ပုံ-Thevideoink)
ခင်ပွန်းဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားပြီးနောက် ငွေကြေးလည်း တပြားတချပ်မှ မချန်ရစ်ခဲ့ရာ ရာမိရှ် ဘာဘူ၏ မိခင်မှာ အစေခံလုပ်ကာ သားသမီးများကို ကျွေးမွေးခဲ့ရပြီး ချို့ချို့တဲ့တဲ့ နေထိုင်ခဲ့ရသည်။
ရာမိရှ် ဘာဘူ၏ မိခင် အစေခံလုပ်သောလစာမှာ တစ်လလျှင် ရူပီး ၄၀ မှ ၅၀ ကြားသာရှိပြီး ထိုငွေဖြင့် အဝတ်အစား၊ စာအုပ်မှသည် အရာရာကို ဖြေရှင်းရသည်။
ရာမိရှ်ဘာဘူမှာ တစ်နေ့လျှင် တစ်နပ်သာ စားကာ ကြီးပြင်းခဲ့ရသည်။
ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးနောက် မိခင်ကြီးက ဆံသဆိုင်ကို တစ်ရက်လျှင် ၅ ရူပီးဖြင့် ငှားရမ်းထား ခဲ့သည်။
မိခင်ကြီးအတွက် အိမ်စရိတ်ရစေရန် ရာမိရှ်ဘာဘူမှာ ကလေးဘဝကတည်းက ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့သည်။
သတင်းစာပို့သမား၊ နွားနို့ပို့သမား အလုပ်များမှသည် ၁၃ နှစ်သားတစ်ဦး လုပ်နိုင်သော အရာအားလုံး လုပ်ကိုင်ခဲ့သည်။
(ဘီလျံနာ ဆံသဆရာ ရာမိရှ် ဘာဘူ။ ဓာတ်ပုံ-You Tube)
ထိုသို့ အလုပ်ပေါင်းစုံလုပ်ကိုင်ကာ မိသားစုအတွက် အိမ်စရိတ်ရှာပေးရင်း ရာမိရှ် ဘာဘူ ၁၀ တန်း အောင်ခဲ့သည်။
၁၀ တန်းအောင်ပြီးနောက် ကျောင်းဆက်မတတ်တော့ဘဲ ဖခင်ကြီး၏ ဆံပင်ညှပ်ဆိုင်ကို ဖွင့်လှစ်ရန် ရာမိရှ် ဘာဘူ ဆုံးဖြတ်ခဲ့သည်။
ဆံသဆိုင်မှာ Inner Space ဟု အမည်ရပြီး သူတက်ခဲ့သော စာသင်ကျောင်းအနီးတွင်ရှိကာ မကြာမီတွင်ပင် နာမည်ကြီး ဆိုင်တစ်ဆိုင် ဖြစ်လာခဲ့သည်။
(ဘီလျံနာ ဆံသဆရာ ရာမိရှ် ဘာဘူ ။ ဓာတ်ပုံ-Fridaymagazine)
ဆံသဆိုင် အောင်မြင်လာချိန်တွင် ရာမိရှ် ဘာဘူက ကားတစ်စီး ဝယ်ရန် ဆုံးဖြတ်ကာ ငွေစုဆောင်းခဲ့ပြီးနောက် ၎င်း၏ စုဆောင်းငွေနှင့် ဦးလေး၏ အကူအညီတို့ဖြင့် Maruti Van (Omni) တစ်စင်းကို ၁၉၉၃ ခုနှစ်တွင် ဝယ်ယူခဲ့သည်။
ရာမိရှ် ဘာဘူမှာ သူ၏ ဆံပင်ညှပ်ဆိုင်ဖြင့်သာ အမြဲအလုပ်ရှုပ်နေရာ ကားကို မစီးဖြစ်။
ထို့ကြောင့် ကားအား အငှားချထားရန် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ခဲ့မှုမှာ ဘီလျံနာဘဝသို့ ရောက်ရှိစေမည့် ခြေလှမ်းဖြစ်ကြောင်း ရာမိရှ် ဘာဘူ ထိုအချိန်က မသိခဲ့။
မိခင်ကြီး အစေခံလုပ်ခဲ့သော မိသားစုတစ်ခု ထံမှတဆင့် Intel ကုမ္ပဏီအား ပထမဆုံး ကားအငှားချနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ကားငှားမည့်သူများ တဖြေးဖြေးရလာခဲ့သည်။
High-end ကားများ အငှားဝန်ဆောင်မှုလုပ်ငန်း အလားအလာရှိပုံကို ရာမိရှ် ဘာဘူ တွက်ဆမိပြီး ကားများစတင် ဝယ်ယူစုဆောင်းခဲ့သည်။
ရာမိရှ် ဘာဘူသည် နှစ်ပေါင်း၃၀ အတွင်း တန်ဖိုးကြီးကားများစွာ ဝယ်ယူစုဆောင်းခဲ့ပြီး ယခုအခါ Ramesh Tours and Travels ကို တည်ထောင်ထားသည့်အပြင် တန်ဖိုးကြီးကားများကို အငှားချသည့်အလုပ်လည်း လုပ်ကိုင်နေသည်။
(ဘီလျံနာ ဆံသဆရာ ရာမိရှ် ဘာဘူ။ ဓာတ်ပုံ-thebetterindia)
ရာမိရှ် ဘာဘူ ပထမဆုံး ဝယ်ယူခဲ့သော တန်ဖိုးကြီးကားမှာ Mercedes E Class ဆီဒင်ဖြစ်ပြီး ရူပီး ၃၈ သိန်း ပေးခဲ့ရသည်။
အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံး ဆံသဆရာ ရာမိရှ် ဘာဘူသည် ဘီလျံနာတစ်ဦးဖြစ်လာသည့်တိုင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကအတိုင်း တရက်လျှင် ၅ နာရီခန့် ဆံသဆိုင်တွင် ဆံပင်ညှပ်ပေးနေဆဲ ဖြစ်၏။
(ဘီလျံနာ ဆံသဆရာ ရာမိရှ် ဘာဘူ။ ဓာတ်ပုံ-thevideoink)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Photo Credit: thebetterindia, thevideoink, Fridaymagazine, YouTube