ယခု ဘဏ္ဍာနှစ်အစ ဧပြီလ ၁ လအတွင်း ပြည်ပမှ ရေနံထွက်ပစ္စည်းတင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၄၁၄) သန်းကျော် ရှိခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
ယခင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလက ပြည်ပမှ ရေနံထွက်ပစ္စည်း တင်သွင်းမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၄၅၄) သန်းကျော် ရှိခဲ့ရာ ဘဏ္ဍာနှစ်ကာလတူချင်း နှိုင်းယှဉ်ပါက ပြည်ပကနေ ရေနံထွက်ပစ္စည်းတင်သွင်းမှု တန်ဖိုးအမေရိကန်ဒေါ်လာ သန်း (၄၀) ကျော် လျော့ကျလာခြင်းဖြစ်သည်။
လွန်ခဲ့သော ၂၀၂၃-၂၀၂၄ ယခင်ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ရေနံထွက်ပစ္စည်းတင်သွင်းမှု တန်ဖိုးသည်တစ်နှစ်လုံးစုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံကျော်အထိ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏အဓိက သွင်းကုန် (၁၀) မျိုးအနက် ရေနံထွက်ပစ္စည်း တင်သွင်းမှုသည် အများဆုံးဖြစ်ကြောင်း သိရသည်။ ရေနံထွက်ပစ္စည်းတင်သွင်းမှုများတွင် ပြည်တွင်း၌ သုံးစွဲနေသည့် စက်သုံးဆီများ အဓိကပါဝင်ပြီး 92 အောက်တိန်း၊ 95 အောက်တိန်း၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်များကို စင်ကာပူနိုင်ငံမှ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကတစ်ဆင့် တင်သွင်းနေကြောင်းသိရသည်။
ရန်ကုန်မြို့ တွင် မေလ ၂၁ ရက်နေပေါက်ဈေးများအရ 92 ဓာတ်ဆီ တစ်လီတာလျှင် (၂၆၂၅) ကျပ်၊ 95ဓာတ်ဆီ တစ်လီတာလျှင် (၂၇၅၀) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၃၉၅) ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
12K subscribers