EV ကားများ ညဘက် အနည်းဆုံး လေးနာရီခန့် အားသွင်းရန်လိုအပ်နေ
- 315 views
ရန်ကုန်မြို့တွင် လျှပ်စစ်မီးပျက်တောက်မှုကြောင့် EV ကားများ ညဘက်အနည်းဆုံး လေးနာရီခန့်အားသွင်းရန် လိုအပ်နေကြောင်း EV ကား သုံးစွဲသူများထံမှသိရသည်။
EV ကားသုံးစွဲသူများအနေဖြင့် အိမ်သုံး လျှပ်စစ်မီတာဖြင့် တစ်ရက်လျှင် လေးနာရီဝန်းကျင်ခန့် အားသွင်းနိုင်ပါက ရန်ကုန်မြို့တွင်း အလုပ်သွားအလုပ်ပြန် ခရီးအကွာအဝေး ကီလို ၅၀ ခန့် အသုံးပြုနိုင်သည့်အတွက် လျှပ်စစ်မီး လေးနာရီခန့် တစ်ဆက်တည်းရရှိရန် လိုအပ်နေကြောင်း သိရသည်။
Level 2 (7 KW) အားသွင်းရုံများတွင် အားသွင်းပါက တစ်နာရီလျှင် ကီလို ၅၀ ခန့် မောင်းနှင်နိုင်ပြီး တစ်ပတ်တစ်ခါ အားအပြည့်သွင်းကာ လိုအပ်သော နေစဉ်သုံးစွဲမှုကို အိမ်သုံး လျှပ်စစ်မီတာဖြင့် တစ်ရက်လေးနာရီဝန်းကျင် အားသွင်းပါက ပုံမှန်အသုံးပြုနိုင်ကြောင်းသိရသည်။
“ ကားမှာပါတဲ့ Level 1 Charger ကြိုးနဲ့ On-board charger နဲ့ တစ်နာရီ အားသွင်းရင် (2 KWh) က ၁၄ ကီလိုမီတာလောက် မောင်းလို့ရပါတယ်။ အဲတော့ တစ်နေ့ ၄ နာရီလောက် ညဖက်အားသွင်းနိုင်ရင် ကီလို ၅၀ ကျော်လောက် မောင်းလို့ရပါတယ်။ လျှပ်စစ်မီးက ပျက်လိုက်လာလိုက် လုပ်နေတော့ အားသွင်းရတာ အဆင်မပြေဘူး ” ဟု ရန်ကုန်မြို့ခံ EV ကားသုံးစွဲနေသူတစ်ဦးက ပြောသည်။
မီတာခအနေဖြင့် ကီလိုမီတာ ၁၀၀ အကွာအဝေးသုံးစွဲမှုအတွက် မြန်မာငွေ (၁၈၀၀) ကျပ်ဝန်းကျင်သာ ကုန်ကျသဖြင့် စက်သုံးဆီဈေးနှင့် နှိုင်းယှဉ်ပါက အသုံးစရိတ် အများအပြားလျှော့ချနိုင်ကြောင်း သိရသည်။
“ အဓိကကြိုက်တာကတော့ ငြိမ့်ညောင်းတာရယ်၊ အင်ဂျင်လို ကျမသွားတာရယ်ပါ။လိုအပ်တာကတော့ အားသွင်းဖို့ ညဖက် တစ်နေ့ မီး ၄ နာရီလောက် လာဖို့ပါ ” ဟု EV ကားဆိုင်ရာကျွမ်းကျင်သူ ကိုကျော်ဦးက ပြောသည်။
ပြည်တွင်း EV ကားဈေးကွက်အတွင်း ဈေးနှုန်းများသည် အမျိုးအစားပေါ်မူတည်ကာ ကျပ်သိန်း (၈၀၀) ကျော်မှ ကျပ်သိန်း (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com