စက်သုံးဆီဈေး အနည်းငယ်ကျဆင်းလာ
- 464 views
မေလ ၁၀ ရက်နေ့အတွက် စက်သုံးဆီဈေးများကို ထုတ်ပြန်ကြေညာထားရာ ရန်ကုန်မြို့အတွက် ရည်ညွန်းလက်လီဈေးမှာ တနင်္လာနေ့ ပေါက်ဈေးအောက်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ကမ္ဘာ့စက်သုံးဆီဈေးကွက်အတွင်း အပြောင်းအလဲ မရှိသော်လည်း ပြည်တွင်း ဓာတ်ဆီဝယ်လိုအား ကျဆင်းခြင်းကြောင့် ဓာတ်ဆီတစ်လီတာလျှင် (၁၅၀) ကျပ်ကျော်အထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း ရည်ညွန်းလက်လီဈေး ကွက်အတွင်း မေလ ၆ ရက်နေ့က
92 ဓာတ်ဆီ တစ်လီတာလျှင် (၂၈၃၅) ကျပ် 95 ဓာတ်ဆီတစ်လီတာလျှင် (၂၉၄၅) ကျပ်နှင် ဒီဇယ်တစ်လီတာလျှင် (၂၄၀၀) ကျပ်ဝန်းကျင် ပေါက်ဈေးဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိ မေလ ၁၀ ရက်နေ့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် (၂၆၆၀) ကျပ် 95 ဓာတ်ဆီတစ်လီတာလျှင် (၂၇၆၅) ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် (၂၃၇၀) ကျပ်ဝန်းကျင် ပေါက်ဈေးဖြစ်ပေါ်နေသည်။
“အိမ်စီးကားတွေရော အငှားကားတွေပါ ဆီလာဝယ်တာ နည်းသွားတယ်၊ ရောင်းအားလည်းကျနေတယ်၊ ဆီတင်သွင်းသူတွေဘက်က ဈေးပြန်ချရောင်းတဲ့ပုံစံပဲ၊ လက်ရှိဈေးနဲ့ငြိမ်နေနိုင်တယ် ထပ်မကျလောက်ဘူး” ဟု ဝါရင့် စက်သုံးဆီ အရောင်းဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။
စက်သုံးဆီ လက်ကားဈေးကွက်အတွင်း အကျဈေးဖြင့် အပြိုင်ရောင်းချလာခြင်းကြောင့် စက်သုံးဆီဈေး ပြန်ကျလာခြင်းဖြစ်ပြီး ငွေလဲနှုန်းအရ ဓာတ်ဆီဈေးမှာ တစ်လီတာ (၂၀၀၀) အောက်သို့ ကျဆင်းရန် မရှိကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် စီးပွားရေး အခြေအနေများကြောင့် နှစ်စဉ်တင်သွင်းမှု မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် စက်သုံးဆီသုံးစွဲမှုမှာ ကျဆင်းနေကြောင်း စက်သုံးဆီတင်သွင်းသူများထံမှ သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com