ကားဈေးကွက်အတွင်း ပေါက်ဈေးသတ်မှတ်ရန်ခက်ခဲနေ
- 308 views
ကားအရောင်းအဝယ်ဈေးကွက်အတွင်း အမှန်တကယ်လိုအပ်သူများအတွက် ပေါက်ဈေးထက် ဈေးပိုပေးနေရသလို၊ ငွေပေါ်ရန် ပြန်ရောင်းချပါက ပေါက်ဈေးအောက်ဖြင့် ရောင်းချနေရကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ကားဈေးကွက်အတွင်း အရောင်းအဝယ်အများစုမှာ ငွေလို၍ပြန်ရောင်းသူများနှင့် လုပ်ငန်းအတွက် ကားဝယ်ယူသူများသာ အဓိကထား အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။
“ ကားတွေဝယ်စီးတဲ့သူနည်းတယ်၊ လုပ်ငန်းသုံးဖို့ဝယ်တာများတယ်။ အပူချိန်မြင့်တက်လာတာကြောင့် နယ်ဝယ်လက်တွေ အနည်းငယ်ပြန်တက်လာနေတယ်။ နယ်မှာဆိုင်ကယ်နဲ့အလုပ်သွားရင် အရမ်းပူတယ်လေ။ ရန်ကုန်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲ ” ဟု ရန်ကုန် ၊ပျဉ်းမနားနှင့် နေပြည်တော် ဈေးကွက်များသို့ ဝန်ဆောင်မှုပေးနေသော ကားပွဲစား ကိုကျော်စွာက ပြောသည်။
ပြည်တွင်းကားဈေးကွက်အတွင်း ပေါက်ဈေးဖြင့် သတ်မှတ်ဝယ်ယူရောင်းချရန် အခက်အခဲတချို့ရှိနေပြီး အများအားဖြင့် ဂျပန်တစ်ပတ်ရစ်ကားများတွင် ထုတ်လုပ်သည့်နှစ် မော်ဒယ်တူ၊ အမှတ်တံဆိပ်တူ၊ အမျိုးအစားတူကိုပင် ဈေးအမျိုးမျိုးဖြစ်နေကြောင်း သိရသည်။ မသမာသူ အရောင်းအဝယ်သမားအချို့မှ သတင်းအတု၊ ဈေးအတုများ လုပ်ကြံဖန်တီး၍ တစ်ဖက်လှည့်ဖြင့် ဝယ်ယူမှုများ ရှိလာနိုင်ခြင်းကြောင့် ကားအရောင်းအဝယ်လုပ်ငန်းကို သတိထားဆောင်ရွက်သင့်ကြောင်း ကားလောကအတွင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com