ကမ္ဘာ့ EV ကားဈေးနှုန်း အပြိုင်လျော့ချမှု ပြည်တွင်းဈေးကွက်တွင် သက်ရောက်မှုရှိနိုင်
- 409 views
ကမ္ဘာ့ EV ကားဈေးကွက်အတွင်း ဈေးအပြိုင်လျော့ရောင်းခြင်းသည် မြန်မာပြည်ဈေးကွက်တွင် သက်ရောက်မှု ရှိလာနိုင်ကြောင်း EV ကား တင်သွင်းရောင်းချနေသူများထံမှ သိရသည်။
တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများ၏ EV ကား ဈေးနှုန်းများ အပြိုင်လျော့ချကာ ရောင်းချနေခြင်းကြောင့် ကမ္ဘာ့ EV ကားဈေးကွက်အတွင်း ဈေးနှုန်းလျော့ချမှု ပြင်းထန်လာသည်။
“Tesla (US အမှတ်တံဆိပ်) ကစပြီး ဈေးလျော့တာကနေ တစ်ကမ္ဘာလုံးက EV ကားတွေ ဈေးပြိုင်နေတာပါ။ EV ကားတစ်စီးကို ပျမ်းမျှတန်ဖိုး ဒေါ်လာနှစ်သောင်းခွဲလောက်ကနေ ဒေါ်လာနှစ်သောင်းအောက်ကို ရောက်လာနိုင်ပါတယ်။ ပြည်တွင်းမှာလဲ EV ကား တင်သွင်းတဲ့ကုမ္ပဏီ (၈၀) လောက်ရှိနေတော့ ဈေးပြိုင်မှုများလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံမော်တော်ယဉ် တင်သွင်းထုတ်လုပ်ရောင်းချ သူများအသင်းဥက္ကဋ္ဌကပြောသည်။
လက်တလောကမ္ဘာ့ EV ကားဈေးကွက်အတွင်း (၁) BYD(တရုတ်) ၊(၂) Tesla (US အမှတ်တံဆိပ်)၊ (၃) Li Auto(တရုတ်) တို့က အရောင်းအများဆုံးအဖြစ် ဦးဆောင်နေကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်ဖြင့် အသုံးပြုနေသော EV ကား အစီးရေ သုံးထောင်ဝန်းကျင်ရှိနေပြီး ယခုနှစ်အတွင်း ပိုမိုများပြားလာနိုင်ကြောင်း EV ကား ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com